12 January, 2010

Kuala Lumpur (K.L. ကွာလာလမ်ပူ ခရီးစဉ်) Last day


တတိယနေ့မနက်၇နာရီအချိန် first world hotel မှာပဲ မနက်စာ စားခဲ့တယ်။


Hotel Reception


မနက်အစောကြီး ထတာတောင် မနက်စာစားတဲ့ သူတွေက အများကြီးပဲလေ ၀ိုင်းတို့လည်း မြန်မြန်စားပြီး ထွက်လာခဲ့လိုက်တယ်။


စားပြီးလို့ အပြင်ထွက်တော့ အခုလို နိုင်ငံအလိုက် ပစ္စည်းအစုံ အမှတ်တရပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေဖွင့်နေတာနဲ့ နာရီဝက်လောက် ၀င်ကြည့်ဖြစ်လိုက်တယ် နိုင်ငံတွေကတော့ အစုံပါပဲ မလေးရှား၊ ထိုင်ဝမ် ၊ထိုင်း ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယစတဲ့ နိုင်ငံ အသီးသီးရဲ့ ထင်ရှားကျော်ကြားတဲ့ နေရာကပုံတွေနဲ့ ရိုးရာဓလေ့ဝတ်စုံတွေ၊ အသုံးအဆောင်ပစ္စည်းတချိွု့ ရောင်းချတာတွေ့ခဲ့ရတယ်

 




 


 


 




ပြီးတော့ ဟိုတယ်ကနေ check out လုပ်ပြီးထွက်လာလိုက်တယ် သူတို့ပေးတဲ့ အခန်းသော့ကဒ်တွေကို ပြန်ပေးခဲ့ဖို့မလိုပါဘူး အမှတ်တရအနေနဲ့ သိမ်းထားလိုက်တယ် ဟိုတယ်က အထွက်မှာ မနေ့ညတုန်းက မိုးရွာနေတာနဲ့ အပြင်ဘက်ထွက်ပြီး မစီးလိုက်ရတဲ့ roller coaster တွေပါ မနက်ကျမှပဲ အခုလို ရှင်းရှင်းလင်းလင်းကြီး တွေ့ခဲ့ရတာလေ (နောက်တစ်ခေါက်ရောက်မှပဲ တ၀ကြီးစီးဖြစ်မယ်ထင်ပါတယ်)


တောင်အောက်ကို ဆင်းပါပြီ ပတ်ဝန်းကျင်မှာတော့ မြူတွေဆိုင်းနေလို့ ကားတောင် ဖြည်းဖြည်းပဲ မောင်းရပါတယ် ကားပေါ်မှာ tour guide က စကားစမြည်ပြောပါတယ် casino ထဲ ၀င်ပြီး ကစားခဲ့ကြသေးလား နိုင်လား ဘာလားပေါ့ သူက ပြောဖို့မေ့နေတယ်တဲ့ တကယ်လို့ casino ထဲဝင်တဲ့အခါကျရင် တစ်ယောက်နဲ့ တစ်ယောက် ပခုံးချင်း မထိထားရဘူးတဲ့ ထိမိတဲ့အခါ ကိုယ့်မှာရှိတဲ့ ကောင်းနေတဲ့လာဘ်တွေ ပိတ်စေတယ်တဲ့လေ မသွားခင်ကတော့ စောစောမပြောမိလို့ အခုမှ သတိရပြီး ပြောမိတာတဲ့း-( ၀ိုင်းတို့ အဲ့ဒီထဲ ၀င်တုန်းကဆို လူတွေ အရမ်းများလွန်းလို့ တစ်ယောက်နဲ့တစ်ယောက်တောင် မခွါဘဲ နီးနီးကပ်ကပ်နေခဲ့ကြတာ လူပျောက်မှာစိုးလို့လေ နောက်ထပ် အဲ့ဒီနေရာကို ရောက်မယ့်သူတွေ၊ သွားမယ့်သူတွေများ ရှိခဲ့ရင် ကြိုတင်ပြီး သတိထားသွားကြဖို့ မှာလိုက်ပါရစေ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွါခွါလေးနေဖို့ပါပဲး))


တောင်အောက်ရောက်တော့ K.L မြို့ကိုဖြတ်ပြီး malacca မြို့ကို ခရီးနှင်ခဲ့ကြတယ်။ မလက္ကာမြို့ဟာ Perlis နဲ့ Penang ပြီးရင် မလေးရှားနိုင်ငံ ရဲ့ တတိယ အကြီးဆုံးနေရာဖြစ်ပါတယ်။ မလေးကျွန်းဆွယ်ရဲ့ တောင်ဘက်၊ မလက္ကာ ရေလက်ကြားပေါ်မှာ တည်ရှိပြီး နိုင်ငံရဲ့ သမိုင်းဝင်မြို့တော်ဟောင်းတစ်ခုဖြစ်တယ်လို့ သိရတယ် K.L မြို့တော်ရဲ့ တောင်ဘက် 148 ကီလိုမီတာ ဆိုရင် ရောက်ပါပြီ အဲ့ဒီမြို့မှာနေထိုင်သူပေါင်းကတော့ ၂၀၀၇ခုနှစ် စစ်တမ်းအရ ခန့်မှန်းခြေ ၇သိန်း၎သောင်း၉ထောင်နေထိုင်ကြပါတယ် မလေးလူမျိုး 57% ၊ တရုတ်လူမျိုး 32% ၊ အိန္ဒိယလူမျိုး၊ ဒတ်ရှ်လူမျိုး၊ ပေါ်တူဂီလူမျိုး အနည်းစုနေထိုင်ရာ နေရာလည်းဖြစ်တယ် ဒါတွေကတော့ မြို့ထဲအ၀င် ကားနဲ့ဖြတ်သွားခဲ့တဲ့ နေရာတွေပါ


လမ်းတ၀က်ရောက်တော့ မလက္ကာမြို့ရဲ့ ထင်ရှားတဲ့နေရာဖြစ်တဲ့ The World's Bees Museum ကို ၀င်ကြည့်ခဲ့ကြတယ်။


အဲ့ဒီထဲရောက်တာနဲ့ ပျားရည်တွေ အမြည်းတိုက်တယ် (ဓါတ်ပုံလိုက်ရိုက်နေတာနဲ့တင် မမြည်းခဲ့လိုက်ရဘူး)



 
Honey's Twin Towers

 
ပျားဘုရင်မ (သူမရဲ့ ၀မ်းဗိုက်ထဲက ထွက်တဲ့ အ၀ါရောင် ပျားရည်တွေဟာ တန်ဖိုးကြီးပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေတယ် ဆိုပါတယ် )

 

 
ပျားဖြစ်ပေါ်လာပုံ အဆင့်ဆင့်

 
ပျားမွေးမြူပုံတွေကို အခုလို ဆိုင်က၀န်ထမ်းက အသေးစိတ်လိုက်လံရှင်းပြနေတာပါ

 

 


 
အခုလို ဘူးတွေထဲမှာ ပျားတွေ နေထိုင်ပုံ (အရဲစွန့်ပြီး သူအဖုံးဖွင့်ပြတုန်း အနားကပ်ပြီး သွားရိုက်ထားတာ)

အဲ့ဒီကနေ ထွက်ခွါလာပြီးနောက်ပိုင်း နေ့လည်စာကို ဆိုင်တစ်ဆိုင်မှာ ၀င်စားတယ် မလက္ကာမြို့ရဲ့ အဓိက အစားအစာဖြစ်တဲ့ peranakan ဆိုတာ ပါတယ်။ အဲ့ဒီက ဟင်းတွေက မြန်မာအစားအစာတွေနဲ့ နည်းနည်းဆင်ပါတယ်။ စပ်တာတွေ ပါတော့ စားပွဲဝိုင်းမှာ အတူတူစားခဲ့ကြတဲ့ စင်ကာပူရီယမ်တွေကတော့ မစားနိုင်ဘူးလေ ကိုယ်တွေကတော့ စပ်လေ ပိုအရသာ ရှိလေ ပိုစားကောင်းလေလို့ ထင်ပါတယ်း))
 

 
 
 
 

 
ဒါတွေကတော့ လမ်းတစ်လျှောက် မြင်ခဲ့ရတဲ့ နေရာတွေပါ တိရစ္ဆာန်ရုံ၊ အမြင့်ကြီးထိ စီးလို့၇တဲ့ Menera Taming Sari မျှော်စင်ကြီး (လူအရမ်းများပြီး ကားရပ်ဖို့တောင် နေရာမရှိလို့ ကားကိုဖြည်းဖြည်းမောင်းပြီးပဲ ကြည့်ခဲ့ရတာတွေ) ၊ shopping mall၊ hotel equatorial အစရှိသဖြင့်ပေါ့ နောက်ဆုံးမှာ ရှေးခေတ်က လူတွေသေခဲ့တဲ့ သချိုံင်းလိုနေခဲ့တဲ့ မြေနေရာတွေပါ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်လို့ အဲ့ဒီဂူတွေကို ဘယ်သူတွေမှ လာရောက် ကန်တော့ ရှင်းလင်းပေးခြင်းမျိုး မရှိတော့ဘူး လို့ tour guide က ရှင်းပြတယ်

 
ဒီတရုတ်ဘုံကျောင်းကတော့ နောက်ဆုံးမှာ ၀င်ခဲ့တဲ့ နေရာမှာ ၁၀မိနစ်အချိန်သတ်မှတ်ထားတယ် အဲ့ဒီထဲရောက်တော့ ဘုရားရှိခိုး၊ အမွှေးတိုင်ထွန်း၊ စက္ကူမီးရှို့ခဲ့တယ် ပြီးတော့ ကျောင်းရဲ့ဘေးဘက်မှာ နတ်ရေတွင်း ၂တွင်းလည်းရှိသေးတယ်။ ဟန့်လိပေါင် (သို့) ဘုရင့်ရေတွင်းလို့ အမည်ရပါတယ် ဘယ်ဘက်အခြမ်းမှာ အသေးလေးရှိပြီးတော့ ညာဘက်မှာတော့ အခုလို ရေတွင်းကြီးတွေ့ရတယ် အဲ့ဒီရေတွင်းကို အရင်တုန်းက ဘုရင့်သမီးတော် နေ့စဉ်လိုအပ်တဲ့ရေသုံးဖို့ သုံးစွဲခဲ့တယ် တွင်းထဲက ရေတွေဟာ အမြဲတမ်းကြည်လင်ပြီး အေးမြနေတယ် တွင်းရေကို သောက်သုံးမိတဲ့ မည်သူမဆို မလက္ကာမြို့ကို နောက်တစ်ကြိမ်ရောက်ကို ရောက်လာရတယ်လို့ ကြားဖူးနားဝရှိတယ် ဆိုပါတယ် သက္ကရာဇ် ၁၅၅၅ခုနှစ်တုန်းက Johor က မလေးစစ်သည်တွေဟာ အဲ့ဒီရေတွင်းထဲကို အဆိပ်ခပ်ခဲ့ကြတယ်။ သူတို့ရဲ့ ရန်ဘက် ပေါ်တူဂီလူမျိုးတွေ သောက်သုံးမိလို့ အများအပြားသေဆုံးခဲ့ရတယ် ၁၆၀၆ခုနှစ်မှာလည်း ဒတ်ရှ်စစ်သားတွေဟာ တွင်းထဲကို အဆိပ်တွေ ထပ်မံခပ်ခဲ့ကြပြန်တယ် ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ ရန်သူတွေကို ချေမှုန်းဖယ်ရှားပစ်ချင်လို့ အခုလို လုပ်ဆောင်ခဲ့ကြတာတဲ့ အဲ့ဒီလိုနဲ့ ဒပ်ရှ်လူမျိုးတွေ မလက္ကာမြို့ကို အနိုင်ရသိမ်းပိုက်ပြီးနောက်ပိုင်း အဲ့ဒီ ရေတွင်းရဲ့ အသုံးဝင်ပုံကို သူတို့တွေ သိရှိသွားကြတယ်လေ အဲ့ဒါရေတွင်းကို နံရံတွေနဲ့ကာ ပြီးတော့ ဘေးပတ်ပတ်လည်မှာ အမြောက်တွေ အစောင့်တပ်တွေ အများကြီးနဲ့ ၀ိုင်းရံထားခဲ့ကြပါတယ် ဒါတွေကတော့ ရေတွင်းကြီးရဲ့ သမိုင်းနောက်ခံတချို့ပါ အခုလို ရေတွင်းကြီးဟာ ဆုတောင်းပြည့်ရေတွင်းတစ်ခုဖြစ်သလို အဲ့ဒီထဲ အကြွေစေ့တွေပစ်ပြီး ဆုတောင်းတဲ့အခါ မိမိရဲ့ဆုတောင်းတွေပြည့်တယ် ဆိုပါတယ် အခုအခါမှာ ရေတွင်းကြီးရဲ့ အ၀ကို အပေါ်ကနေ ဖုံးအုပ်ထားလိုက်ပါပြီ အရင်တုန်း ခေတ်လူငယ်တွေက ရေတွင်းကြီးနားမှာ စည်းကမ်းမဲ့ ဆော့ကစား၊ စားသောက်ပြီး အမှိုက်တွေ ၊ဗူးခွံတွေ အညစ်အကြေးတွေကို အဲ့ဒီထဲ စွန့်ပစ်ခဲ့လို့ နောက်ပိုင်း အခုလို ဖုံးအုပ်လိုက်ရခြင်းဖြစ်ပါတယ်

 

 

ရေတွင်းရဲ့ သမိုင်းကြောင်းပါ စာတွေဖတ်ချင်ရင်တော့ ပုံပေါ်ကလစ်နှိပ်ကြည့်လိုက်ပါ

အဲ့ဒီနေရာကနေ ထွက်ခွါလာပြီး စင်ကာပူနိုင်ငံထဲကို immigration အဆင့်ဆင့်ဖြတ်ပြီးနောက်ပိုင်း ည ၇နာရီ ၀န်းကျင်လောက်ရောက်ရှိခဲ့ပါတယ် အိမ်ပြန်ရောက်တော့ မနားနိုင်သေးဘဲ ၀ယ်လာခဲ့တဲ့ မုန့်တွေကို သူငယ်ချင်းတွေအတွက် လက်ဆောင်ပေးချင်လို့ ဓါတ်ပုံရိုက်ထားလိုက်တယ် Genting က ၀ယ်လာတဲ့ ချောကလက်တွေ၊ ယိုမျိုးစုံတွေရယ်၊ တောင်အဆင်းမှာ ၀င်ခဲ့တဲ့ မုန့်မျိုးစုံဆိုင်က မုန့်တွေပါလာတယ် အားလုံးအတွက် မလေးနိုင်ငံက အပြန်ခရီး လက်ဆောင်ပေါ့ ကြိုက်သလောက် ယူသွားနိုင်တယ်နော် အားမနာနဲ့း))



အခုရက်ပိုင်း အလုပ်ထဲမှာ အလုပ်တွေရှုပ်နေတာနဲ့ ခရီးစဉ်နောက်ဆုံးရက်အကြောင်းကို အခုမှပဲ တင်မိပါတယ် ရေးပြီးတာတော့ ကြာပါပြီ draft ထဲမှာပဲ ရှိသေးလို့ပါ သူငယ်ချင်းတို့ရဲ့ ဘလော့တွေလည်း အချိန်ရမှ လည်ပြီး ဖတ်နိုင်တော့မယ်ထင်ပါတယ်


၃ရက်တာ ခရီးစဉ်ဖြစ်လို့ ပထမရက်၊ ဒုတိယရက်က တင်ထားတဲ့ ပို့စ်တွေကို အဲ့ဒီလင့်တွေကနေတဆင့် ဖတ်လို့ရပါတယ် သွားခဲ့တဲ့ အချိန်က ခရစ်စမတ်ရက်နဲ့ ကပ်နေတာကြောင့် သွားတဲ့နေရာ၊ စားတဲ့နေရာ၊ လည်တဲ့ နေရာတိုင်း လူတွေစည်ကားနေတာပဲ ပြီးတော့ package နဲ့သွားခဲ့တာဖြစ်လို့ tour guide သတ်မှတ်ထားတဲ့ အချိန်အတွင်း လည်ခဲ့ရတာတွေဖြစ်လို့ ကွာလာလမ်ပူမြို့အနှံ့ သိပ်မစုံခဲ့ရဘူးလို့ ဆိုရမှာပါပဲ နောက်များ အခွင့်အရေးရခဲ့ရင် ဒီ့ထက်ပိုစုံပြီး ပိုကောင်းတဲ့ Plan တွေနဲ့ မြို့အနှံ့တွေရယ်၊  Gentingတွေထဲလည်း အနှံ့လည်ချင်ပါတယ် မလေးရှားရောက်တုန်း အတူတွေ့ဆုံခဲ့ပြီး အကူအညီတွေပေးခဲ့ဖူးတဲ့ ဘလော့ဂါတွေကိုလည်း ကျေးဇူးအထူးပင်တင်ပါကြောင်း ထပ်လောင်းပြောပါရစေ နောက်တစ်ခါလည်း ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။ အခုခရီးစဉ်ကတော့ ဒီလောက်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါပြီ ပို့စ် ၃ခုလုံးမှာ ရေးသားဖော်ပြမိခဲ့တဲ့ နောက်ခံ သမိုင်းအကြောင်းတွေ၊ ခရီးစဉ်အကြောင်းတွေမှာ အမှားအယွင်းတွေ ပါရှိခဲ့ရင၊် အချက်အလက်တွေ မပြည့်စုံသေးဘူးဆိုရင် ကွန်းမန့်မှာဖြစ်ဖြစ် ၊ စီဘောက်စ်မှာဖြစ်ဖြစ် အကြောင်းကြား ရေးပေးခဲ့ကြပါလို့ တောင်းဆိုပါရစေ ၀ိုင်းရဲ့ဘလော့ကို ဖတ်ရှုအားပေးနေကြတဲ့ သူငယ်ချင်း မောင်နှမတွေ အားလုံး၊ အီးမေးလ်ကတဆင့် ဖတ်ရှုနေသူအားလုံးကို အစဉ်အမြဲ ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း..

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

11 comments:

An Asian Tour Operator said...

ဏီလင်းညို နဲ့ တွေ့ခဲ့လား...။ :-)

ခရေညို said...

ဝိုင်း ရေ တော်တော်မှပျော်ခဲ့ရဲ့လား?
အမက ချောကလက် မကြိုက်ဘူး သားသား လေးတွေအတွက် ယူသွားတယ်နော်

Nge Naing said...

ဝိုင်းရေ အကြွးတွေ အကုန်လုံး ဆပ်သွားပါတယ်။ မလေးရှားသွားလည်ရင် ကြိုသိနေအောင် ၀ိုင်းဘလော့ဂ်က ဒီပို့စ်တွေကို အရင်လာကြည့်ပြီးမှ သွား၇မယ်။

Anonymous said...

ကဲ သုံးရက်မြောက် အဆုံးသတ်ခရီးလေးကို
ကျွန်တော် အားရပါးရ ဖတ်ရှုသွားပါတယ်ခင်ဗျာ.

ဆောင်းနှင်းရွက် said...

ပျော်ခဲ့တယ်ပေါ့ ....
ဟွန်းးးးး ...

Anonymous said...

ပျော်စရာကြီးဗျာ.. အဲလိုလျှောက်လည်ချင်တာ..

Anonymous said...

ပျော်စရာကြီးဗျာ.. အဲလိုလျှောက်လည်ချင်တာ..

Anonymous said...

သူ့နာမည်မှမပါတာ။ ဘယ်တွေ့ခဲ့မလဲ အကိုသောမတ်စ်ရ။
မ၀ိုင်းရေ ရေးထားတာတွေက စိတ်ဝင်စားဖို့ကောင်းပြီး စေတနာပါလွန်းတယ် ဖတ်လို့လည်းကောင်း ကြည့်လို့လည်းကောင်း သားတို့တောင်မရောက်ဖူးသေးဘူး နေရာစုံအောင်။ အဲ့လိုလေးတော့ ခရီးထွက်ကြည့်ဦးမှပါ။
ပျားဖြစ်ပေါ်လာပုံအဆင့်ဆင့်ကလည်း အသည်းယားစရာကြီး။ အင်းဆက်တွေဆို ပိုတောင်ကြောက်ကြောက်စ်။

အိုင်တီခရီးသည် said...

မလေးရှားခရီးစဉ်ကို အစအဆုံးဖတ်ပြီးမှ ကွန်မန့်ရေးဖြစ်တာ..ကိုယ်တိုင်သွားရောက်ရသလို ခံစား မိပါကြောင်း..နောက်ထပ် ခရီးသွားတောလားများကို စောင့်မျှော်လျက်.. ခင်မင်စွာဖြင့်..

Anonymous said...

စိတ်ဝင်စားစရာ ဓာတ်ပုံနဲ့ ခရီးသွားအတွေ့အကြုံကို လာရောက်ဖတ်ရှုသွားပါတယ်ဝိုင်းရေ.. တကယ်ကို ရောက်သွားသလိုပါဘဲ.. အသေးစိတ်ပြီး.. ဆွဲဆောင်မှုကောင်းတဲ့ ခရီးစဉ်ပါဘဲ..ကျေးဇူးပါ

စိတ်စမ်းရေ said...

ဓာတ်ပုံတွေက တအားလှတာပဲ...။

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်