07 January, 2010

Kuala Lumpur (K.L. ကွာလာလမ်ပူ ခရီးစဉ်) 2nd day



ဒုတိယနေ့ မနက်ရောက်တယ်ဆိုရင်ပဲ  ဖုန်းက alarm မြည်လာတာနဲ့ အိပ်ချင်မူးတူးနဲ့ ထရတယ်။ ပြီးတော့ မနက်စာကို ဟိုတယ်မှာပဲ အခုလို စားခဲ့လိုက်တယ်



 

စားပြီးသောက်ပြီး ၈နာရီခွဲကနေ ဟိုတယ်မှာ check out လုပ်။ ပြီးတော့ K.L မြို့ထဲ တလျှောက်ကို ကားနဲ့ ပတ်ခဲ့ကြတယ်။ ဒါကတော့ K.L မြို့တော်ရဲ့ နာမည်ကြီးပြီး ထင်ရှားလှတဲ့ Petronas Twin Tower ပါ။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတွေထဲက တစ်ခုအပါအ၀င်ပါပဲ။ ၁၉၉၂ခုနှစ်ကနေ  ၁၉၉၈ခုနှစ်အထိ ၇နှစ်တာ ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦပေါ့။ အထပ်ပေါင်း ၈၈ထပ်ရှိပြီး အမြင့် 378.6 မီတာ (1,242.1 ပေ) ထိ မြင့်တယ်။ ဓါတ်လှေကားအထပ်ပေါင်း မျှော်စင်၂ခုလုံးမှာ ၇၈ထပ်ထိရှိပါတယ်။ မျှော်စင်အကြောင်း အသေးစိတ်ကို ဒီနေရာ မှာ သွားရောက် ဖတ်ရှုလေ့လာနိုင်ပါသေးတယ်။ အဲ့ဒီမှာ ကားပေါ်ကနေ ခဏဆင်းပြီး အမှတ်တရဓါတ်ပုံတွေ ရိုက်ကြတယ်။ အဝေးကနေပဲ မြင်ခဲ့ရတဲ့ မျှော်စင်ကြီးလေ။

ဒါတွေကတော့ မျှော်စင်အနားမှာ ရှိတဲ့ အဆောက်အဦတွေပါ



 
အဲ့ဒီကနေ တဆင့် K.L ရဲ့ ထင်ရှားတဲ့ အပန်းဖြေနေရာတစ်ခုဖြစ်တဲ့ Sunway Lagoon နေရာကို ရောက်တယ်။ ၀င်ပေါက်နဲ့ အပြင်ဘက်ကနေ မြင်ခဲ့ရတဲ့ နေရာတွေပါ။
 
 

 

 

 

 

 

 

အဲ့ဒီထဲကို ၀င်မယ်ဆိုရင် 5 Parks ဖြစ်တဲ့ (Water Park, Amusement Park, Wildlife Park, Extreme Park & Scream Park) တွေကို Adult Ticket ဆို RM 90 နဲ့ Child Ticket ဆိုရင် RM 70 ပေးရတယ်။ တခြား 3 Parks၊ 2 Parks၊ Single Park တွေပဲဆိုရင်တော့ ၀င်ကြေးက တစ်ဈေးပါ။ အသေးစိတ်ကို ဒီမှာ ၀င်ကြည့်ပြီး လေ့လာလို့ရပါတယ်။ အထဲထိဝင်မယ်ဆိုရင် အနည်းဆုံး ၃နာရီလောက်ကြာမယ်လို့ tour guide က ပြောတော့ ကိုယ်တွေပဲ ၀င်ရင် သူများတွေ မ၀င်ဘဲ အပြင်က စောင့်နေရမှာလေ။ အဲ့ဒါနဲ့ ပါလာတဲ့သူတွေလည်း ဘယ်သူမှ မ၀င်ဘဲ အပြင်ကနေပဲ ပတ်ကြည့်ပြီး ပြန်လာရတယ်။ တကယ်လို့သာ အဲ့ဒီထဲ ၀င်ဖြစ်ခဲ့ရင် တော်တော်ပျော်ဖို့ကောင်းမှာအမှန်ပါ။ နောက်ထပ် သွားစရာနေရာတွေနဲ့ Genting ကို အချိန်စောစော ရောက်ချင်သူတွေ ပါနေတာကြောင့် ၁၀နာရီလောက်မှာ ထွက်ခွါလာခဲ့တယ်။နေ့လည် ၁၁နာရီမှာ နေ့လည်စာ စားရတယ်။ ပြီးရင် Batu Caves ကို သွားမှာဖြစ်ပြီး အဲ့ဒီနေရာမှာ စားသောက်ဆိုင်တွေ မရှိတာကြောင့် K.L မှာပဲ စောစောစားခဲ့လိုက်တယ်။ မနက်ပိုင်း ၇နာရီခွဲလောက်မှ စားထားတဲ့ မနက်စာတွေကြောင့် ဗိုက်သိပ်မဆာပဲ စားခဲ့ရတဲ့ နေ့လည်စာ စားသောက်ဆိုင်ပါ။

 

ကဲ.. Batu Caves ရောက်ပြီ လည်ပတ်ဖို့အချိန် နာရီဝက်ပဲရပါတယ် ကားပေါ်က သုတ်သုတ်ဆင်းပြီး လှိုဏ်ဂူဆီ ခြေလှမ်းသွက်သွက်လှမ်းနဲ့သွားလိုက်တယ်။ မလေးရှားနိုင်ငံ Selangor ပြည်နယ်၊ Gombak ဒေသမှာရှိတဲ့ Batu Caves ဟာ ထုံးကျောက်တောင်ဖြစ်ပြီး အဲ့ဒီထဲမှာ အိန္ဒိယလူမျိုးတွေ ကိုးကွယ်ပူဇော်ကြတဲ့ ဟိန္ဒူဘုရားကျောင်းတွေ ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

 




 

 
Lord Muruga အမည်ရှိတဲ့ ဘုရားရုပ်တုကြီးရဲ့ အမြင့် 42.7မီတာ (ပေ 140.09) မြင့်ပြီး ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီးတစ်ခုအဖြစ် အပါအ၀င်ပါ ရုပ်တုကြီးရဲ့ ကုန်ကျငွေက Rupees 24 million ရှိပြီး ကွန်ကရစ်ပေါင်း 1550 ကုဗမီတာ၊ စတီး 250 တန် နဲ့ ရွှေချိန် ၂၀၀ လီတာတို့ကိုအိမ်နီးချင်း ထိုင်းနိုင်ငံက ၀ယ်ယူကာ တည်ဆောက်လုပ်ထားခြင်းလို့ ဆိုပါတယ်။

 

 
 
လှေကားရင်းကနေ စတက်လာပြီး လှေကားတ၀က်လောက်ရောက်တော့ ခဏ အမောဖြေရင်း အနောက်ဖက်လှည့်ကြည့်လိုက်တော့ ဘုရားကြီးရဲ့ နောက်ဖက်ပုံတော်နဲ့ စင်္ကြန်လမ်း၊ ကားရပ်တဲ့နေရာတွေကို အပေါ်စီးကနေ လှမ်းမြင်ရတယ်

 
 လိုဏ်ဂူထိပ်ဝကိုရောက်သွားပါပြီ လှေကားအဆင့်စုစုပေါင်း ၂၇၂ ဆင့်ထိ ရှိပါတယ်။

 

 

 

 
လိုဏ်ဂူကြီးထဲ ရောက်သွားပြီဆိုရင် အထဲမှာ အဖြူရောင် ခိုဌက်တွေရယ် မျောက်တွေရယ် အများကြီးလို့ ပြောပါတယ်။ အဖြူရောင်ခိုဌက်တွေ အမြောက်ကျည်ဆံဗုံး ရန်ကနေ ကာကွယ်ဖို့ ဦးထုပ်ဆောင်းထားသင့်တယ်လို့ tour guide က သတိပေးလိုက်သေးတယ် တကယ်လည်း များပါတယ် မနည်းကို လွတ်အောင် ရှောင်ခဲ့ရတယ် သတ်မှတ်ထားတဲ့ အချိန်ကလည်း နာရီဝက်ပြည့်တော့မှာမို့ အထဲထိ သိပ်မ၀င်ပဲ အပြင်ကနေပဲ ဓါတ်ပုံလှမ်းရိုက်ပြီး ကြည့်ခဲ့လိုက်တယ်။

 
တောင်အောက်လည်းရောက်ရော အိန္ဒိယ မိသားစုတစ်စုက မွေးကာစ ကလေးလေးကို နတ်လာပြတာနဲ့ တွေ့ခဲ့ပါတယ် အမေက အရှေ့နေပြီး အဖေက နောက်ကလိုက်ကာ ကြံချောင်းနဲ့ ကလေးပုခက်လုပ်ပြီး တောင်ပေါ်ကို တက်သွားတာ တွေ့လိုက်ရသေးတယ်

 

 

အဲ့ဒီကနေတဆင့် ကားပေါ်မတက်မီ တောင်အနားမှာရှိတဲ့ အုန်းသီးရောင်းတဲ့ ဆိုင်မှာ အမောပြေ အုန်းရည် အေးအေးသောက်ခဲ့သေးတယ်း)) ပြီးတော့ Genting တောင်ဆီကို ပြန်သွားကြတယ်။  တောင်ရဲ့ လမ်းတ၀က်ရောက်တော့ ချောကလက်ဆိုင်တစ်ဆိုင်မှာ အိမ်ပြန်လက်ဆောင်ဝယ်ဖို့အတွက် ဆင်းဝယ်ခဲ့ကြသေးတယ်။

 

 

 
 

 
ဒါကတော့ ချောကလက်တွေနဲ့ဆောက်ထားတဲ့ အိမ်ပါ

 
ဝယ်ပြီး ကားပေါ်တက်တော့ ၀ယ်လာတဲ့ ချောကလက်တွေစားချင်လာတာနဲ့ တစ်ထုပ်ဖောက်စားမိတယ် မစားခင် ပါကင်ထုပ်လေးသဘောကျလို့ ဓါတ်ပုံရိုက်ထားမိသေးတယ် စားလို့ကောင်းမှကောင်းပဲ :P

 
အဲ့ဒီကနေ Genting ကိုရောက်သွားတော့ First World ဟိုတယ်မှာ check in လုပ်တာ ခဏပဲစောင့်လိုက်ရတယ် အပြင်ဘက်မှာတော့ မြူတွေကဆိုင်းနေတဲ့အပြင် မိုးပါ ရွာနေတာကြောင့် ကစားကွင်းဘက်တောင် မရောက်ဘဲ First World Plaza အနားဝန်းကျင်မှာပဲ လျှောက်ကြည့်ခဲ့တယ်။ ဒါတွေကတော့ ခရစ်စမတ်အတွက် အထူးပြုလုပ်ထားတဲ့ မီးလုံးအလှဆင်ချက်တွေပါ ဓါတ်ပုံရိုက်လို့ အရမ်းကောင်းတဲ့ နေရာတွေပဲလေ

 

 

 

 

 

 




 

 
လျှောက်ကြည့်ရင်း ဗိုက်ဆာလာတာနဲ့ ညစာကို food court မှာပဲ စားခဲ့လိုက်တယ်

 

စားပြီးတော့ အဲ့ဒီထဲမှာရှိတဲ့ နာမည်ကြီး casino ထဲ ၀င်ပြီး ကစားခဲ့သေးတယ်။ ၀င်လိုက်တာနဲ့ အရင်ဆုံး ရှူမိတာက ဆေးလိပ်နံ့တွေ ပြီးတော့ ကြိုက်တဲ့နေရာမှာ ၀င်ကစားလို့ရတယ်။ တစ်နေရာဝင် တစ်နေရာထွက်လျှောက်ကြည့်ရင်းနဲ့ money wheel နေရာရောက်တော့ နည်းနည်းလောက် လက်တည့်စမ်းမိတယ်လေ။ အနည်းဆုံး လောင်းကြေးငွေ ၁၀ကနေစတယ်။ ၅၀ဖိုး အရင်စမ်းကြည့်တယ်လေ။ ကစားပုံက spin wheel နဲ့ လှည့်လိုက်တဲ့အခါမှာ မလေးငွေဂဏန်းဖြစ်တဲ့ ရင်းဂစ် ၁ကျပ်၊ ၂ကျပ်၊ ၅ကျပ်၊ ၁၀၊ အများဆုံး ၄၀ ထိ ကြိုက်ရာဂဏန်းမှာ အနည်းဆုံး ၁၀ကနေ သူတို့ပေးတဲ့ အကြွေစေ့နဲ့ ရွေးထိုးရတယ်။ အများဆုံးကျတာ ၁ကျပ်က ပိုများပါတယ်။ လှည့်လိုက်လို့ ၁ကျပ်နေရာရောက်ရင် ကိုယ်ထိုးထားတဲ့ တန်ဖိုးအတိုင်း ပြန်လျော်ပေးတယ်လေ။ ၅ပွဲလောက် ကစားမိတယ်။ ၃ပွဲလောက်နိုင်ပြီးရော နောက်တခြားတစ်နေရာက Big၊ Small လောင်းတဲ့နေရာဘက်သွားတယ်။ အဲ့ဒီမှာ ကံတရားက ကိုယ့်ဘက်မလိုက်ဘူးလေ။ ကိုယ်က အကြီးလောင်းရင် အသေးကျတယ်။ အသေးပြန်လောင်းတဲ့ အကြီးကျလိုက်နဲ့ ကံမကောင်းစွာ အဲ့ဒီနေရာကနေ ပြန်လာလိုက်တော့တယ်း(
အချိန်ကြည့်လိုက်တော့ ၉နာရီထိုးတာနဲ့ ရုပ်ရှင်ရုံဘက် ခြေဦးလှည့်မိတယ် ပွဲစဉ်အားလုံး လက်မှတ်တွေ အားလုံး ရောင်းကုန်နေပါပြီ လက်မှတ်ရတဲ့ ရုပ်ရှင်ကားပဲကြည့်မယ်ဆိုပြီး တန်းစီလာလိုက်တာ ကိုယ့်အလှည့်ရောက်ရော ကုန်သွားပြီတဲ့ မနက်ဖြန်အတွက်ပါ booking အားလုံး ပြည့်သွားပြီတဲ့လေး(
မထူးတော့ပါဘူး တနေကုန်လည်း ညောင်းနေပြီဖြစ်လို့ အခန်းပြန်ပြီးပဲ အေးဆေးနားတာ အကောင်းဆုံးပဲလေ မနက်ဖြန် မနက် ၇နာရီ မနက်စာစားပြီးတာနဲ့ malacca ခရီးစဉ်ကို ထပ်ဆက်ရဦးမယ်ဆိုတော့ နောက်နေ့အတွက် အင်အားသစ်တွေ မွေးဖွားရင်း.........

 
 
 
 
 

ဒုတိယရက် ခရီးစဉ်က အခုလိုပဲ ကုန်ဆုံးခဲ့ပါတယ်။ တတိယနေ့ကတော့ နောက်ဆုံးရက်ပဲပေါ့ အပြန်လက်ဆောင်တွေ သူငယ်ချင်းတို့အတွက် အများကြီးဝယ်လာခဲ့တယ် တတိယရက် ခရီးစဉ်မှာပဲ စောင့်မျှော်ဖတ်တော့နော်

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

12 comments:

မျှော်လင့်သူ said...

အစ်မရေ..
ကျွန်တော်တော့ တကယ်ရောက်သွားသလိုပဲ.
နောက်ရက်တွေဘယ်တွေဆက်သွားမလဲဆိုတာတောင်
မြန်မြန်ဖတ်ချင်လာတယ်

သံလွင် HeRo said...

မလေးကို သွားမယ်သွားမယ် နဲ့
မရောက်ဖြစ်သေးဘူး...........
ရောက်ခဲ့ရင်တော့ အဲဒီနေရာတွေကိုသွားအုံးမှပဲ

kaungkinpyar said...

တို့ လဲ သွားမယ်..

ခရေညို said...

အခုလို ရှယ်ပေးလို့ ကျေးဇူး တင်ပါတယ်ဝိုင်းရေ
ကိုယ်ရောက် ခဲ့သလိုပဲ ခံစားရပါတယ်။
တတိယ အပိုင်းကျ လက်ဆောင်လာယူမယ်နော်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ၀ိုင်းရေ..

ပြန်လာရင် လက်ဆောင်ပေးအုံးနော်.. :)

ခင်မင်စွာဖြင့်
ကိုမျိုး

~ဏီလင်းညို~ said...

ဝိုင်းရေ...
ဓာတ်ပုံလေးတွေ လာငေးသွားတယ်...။
(လက်ဆောင်ကတော့ မရတော့ဘူးထင်ပါ့... စလုံးက မဟုတ်လို့လေ...ရွှတ်...)
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

မ၀ိုင်းစာဖတ်ပြီး မောတယ်။ သွားတာစုံသာ စုံလိုက်တယ် ထဲထဲဝင်ဝင်သွားဖို့ အချိန်မရလိုက်ဘူးနော်။ နောက်ဆို package တွေနဲ့ ဘယ်တော့မှ မသွားတော့နဲ့။ ကိုယ့်စိတ်နဲ့ကိုယ်ပဲ လွတ်၂လပ်၂လည်ပတ်နိုင်မှ ထပ်လာခဲ့။ အစုံလိုက်ပို့မယ်။ Sunway Lagoon က အထဲကိုဝင်ရမှာ ။ သိပ်လှတာ။ ပျော်စရာကြီး။ ဆော့ပါလိမ့် တစ်နေကုန်။

Genting ကလည်း ညဖက်ကြီးရောက်တော့ ကစားကွင်းထဲက အလှအပတွေ တောင်ပတ်ပတ်လည်ရှုခင်းတွေ ဘယ်မြင်ရမလဲ ၊ ပီးတော့ ဘာမှလည်း စီးလို့မရတော့ဘူးး(

Batu Caves ကိုလည်း အထဲထိဝင်ခဲ့ရဘူးတဲ့။ အထဲမှာ သိပ်မဝေးဘူး။ အဆုံးအထိလျှောက်ရင် ခဏလေးရယ်။ လှေခါးလေးတွေ တက်လိုက်ဆင်းလိုက်ရယ်ပါပဲ။ အထဲမှာ ခိုရောင်စုံတွေအပြင် ကြက်တွေလည်းရှိသေးတယ် မ၀ိုင်း။
ဂူရဲ့ဟိုးတစ်ဘက်ထိပ်ဆုံးက သူတို့အထွတ်အမြတ်ထားရာ ကုန်းပေါ်မှာဆို အပြင်ကလေတွေ တရဟောဝင်နေတာ အေးစိမ့်ပြီး ထိုင်လို့ကောင်းမှကောင်းပဲ။ နောက်တစ်ခေါက်ပေါ့နော်။း)

ဆောင်းနှင်းရွက် said...

လာဖတ်သွားတယ် ..
ဗဟုသုတ အနေနဲ့
အိန္ဒိယ ကလေးနတ်လာပြတာ ကြည့်သွားတယ် ..
ဒါနဲ့ ...
ဘယ်မှာလဲ
ချောကလက် ...
စာထဲမှာ ထည့်ရေးပြီးရင်
ကျွေးရမယ်လေ ....
ပြောတော့ အိမ်ပြန် လက်ဆောင် တဲ့ ..
ဟွင်းးးးး

မြစ်ကျိုးအင်း said...

အချိန်လုံလုံလောက်လောက် မရတော့ သွားရတာ အားမရစရာပဲနော်။

ဒါပေမယ့် ဓါတ်ပုံတွေ စုံစုံလင်လင် ရိုက်လာလို့ မရောက်ဖူးတဲ့နေရာတွေကို မြင်ဖူးသွားရတယ်။

ပုံတွေ ရှိသေးရင် ထပ်တင်ပေးပါအုံး

An Asian Tour Operator said...

ပြောသားဘဲ.. free and easy tour လုပ်ပါ လို့ hotel booking လုပ်ပေးပါမယ် လို့...။ :-)

စင်ကာပူသား said...

Sunway Lagoon ရောက်ပြီးမှ မ၀င်ရဘူးဆိုတော့ဗျာ။ အထဲရောက် ရင်ဆော့ ပါလေ့ တနေကုန်....
အဲ...ရေကူးမယ်ဆိုရင် ရေကူးဝတ်စုံ နဲ့ ပတ်သက်ရာ တွေ ယူဖို့တော့ မမေ့ နဲ့ အထဲမှာ ၀ယ်ရင် ဈေးကြီးတယ်ဗျို့...အပြင်အစားအသောက်လဲ အထဲကို ယူခွင့်မပြုပါ.....

Nge Naing said...

ဝိုင်းရေ
ရှုခင်းဓါတ်ပုံတွေ ကြည့်သွားတယ်။ စိတ်ရှည်လက်ရှည် ဓါတ်ပုံရိုက်လာပြီး ရှင်းပြပေးတာ ကျေးဇူးပဲနော့်။

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်