Showing posts with label Story. Show all posts
Showing posts with label Story. Show all posts
8

အတုယူဖွယ်ရာ ပုံပြင်တစ်ပုဒ်



(孫叔敖- Sun Shu Ao) ရှုအောင်လေးဟာ ငယ်ငယ်တုန်းက လိမ္မာပြီး အရမ်းကို အလိုက်သိတတ်တဲ့ ကလေးလေးတစ်ယောက်ပါ။ သူဟာ စာလည်းတော်တယ်။ လူကြီးသူမတွေကို ရိုသေလေးစားတယ်။ မိခင်ပေါ်ကိုလည်း သိတတ်တယ်။ အဲ့ဒါကြောင့်သူဟာ ပတ်ဝန်းကျင်က အလေးထား ချစ်ခင်ခံရတဲ့သူ တစ်ဦးဖြစ်တယ်လေ။

တစ်နေ့မှာ ရှုအောင်ဟာ အပြင်ထွက်ဆော့ကစားတယ်။ ဆော့ကစားရင်း ရုတ်တရက် လမ်းပေါ်မှာ ခေါင်း၂လုံးနဲ့ မြွေကို တွေ့လိုက်ရတယ်။ သူဟာ ရှေးလူတွေ ပြောတဲ့စကားကို သွားကြားယောင်မိတယ်။ ခေါင်း၂လုံးနဲ့ မြွေကိုတွေ့ပြီးတဲ့သူတိုင်း သေတတ်ကြတာချည်းပဲတဲ့။ အဲ့ဒါကိုသိတဲ့ ရှုအောင်ဟာ မြွှေကို တွေ့တွေ့ချင်း ခဲနဲ့ ဖိသတ်ပစ်လိုက်တယ်လေ။ ပြီးတော့ အဲ့ဒီမြွေကို မြှုပ်လိုက်တယ်။ ဒါမှ နောက်ဆိုဘယ်သူ့မှလည်း အန္တရာယ်မကျရောက်နိုင်တော့ဘူးပေါ့။

အိမ်ပြန်ရောက်လာတော့ သူဟာ စိတ်ညစ်နေတာပေါ့။ ထမင်းလည်း မစားဘူးလေ။ တစ်ယောက်တည်း အိမ်ရှေ့မှာထိုင်ပြီး ငေးမောနေတယ်။ သူ့အမေဟာ သူ့သား မူမမှန် စိတ်ပျက်နေတာတွေ့တော့ " ဒီနေ့ ငါ့သားဘာဖြစ်နေတာလဲ " လို့ မေးပါလေရော။

" ဘာမှမဖြစ်ပါဘူး အမေရာ.. " ဆိုပြီး ပြန်ဖြေလိုက်တယ်။ ပြီးတော့ ခေါင်းငိုက်စိုက်ပြီး တွေဝေနေပြန်ရောလေ။

အဲ့ဒီအခါ သူ့မိခင်က လက်နဲ့ သူ့နဖူးကို စမ်းကြည့်တယ်။
" ဒါမှမဟုတ် သား နေမကောင်းဖြစ်နေတာလား ?" လို့မေးတယ်။

ရှုအောင်လေးလည်း ရင်ထဲမှာ ခံစားနေရတာကို မအောင့်နိုင်တော့ပဲ အမေ့ရဲ့ ရင်ခွင်ထဲမှာ ၀မ်းနည်းစွာ ငိုကြွေးလိုက်ပါလေရော။ အမေလည်း အရမ်းအံ့သြသွားတယ်။ ပြီးတော့ "ဘာဖြစ်တာလဲ သား၊ ဘာကြောင့်ဝမ်းနည်းနေရတာလဲ "လို့ အကြိမ်ကြိမ်မေးတယ်လေ။

အဲ့ဒီအခါမှာ ရှုအောင်က ငိုပြီးပြောပါတယ်။

"ဒီနေ့ သားအပြင်မှာဆော့နေတုန်း ခေါင်း၂လုံးနဲ့ မြွေကိုတွေ့ခဲ့တယ်။ ရှေးလူတွေပြောတော့ အဲ့ဒီလိုမြွေမျိုးတွေ့မိတဲ့သူတိုင်း သေတတ်တယ်ဆို... တကယ်လို့ သား သေသွားရင် နောက် အမေ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးပေါ့...."  လို့ ပြောရင်းပြောရင်း ငိုနေတယ်လေ။

အမေလည်း သူ့ကိုနှစ်သိမ့်အားပေးစကားတွေပြောပြီး " ဒါဆို အဲ့ဒီမြွေ အခုဘယ်မှာလဲ " လို့မေးတယ်။ သူက " သူများတွေ ထပ်တွေ့လည်း သူတို့အတွက် အန္တရာယ်ရှိမှာစိုးလို့ မြွေကို သားရိုက်သတ်ပြီး မြုပ်ပစ်ခဲ့တယ်" လို့ မျက်ရည်သုတ်ပြီး ပြောလိုက်တယ်။

အဲ့ဒီတော့ အမေက "ကောင်းတာပေါ့ သားရယ် သားလုပ်တာ မှန်ပါတယ် သားရဲ့စိတ်ထားက ဒီလောက်ကောင်းတာ သား မသေလောက်ပါဘူး ကောင်းတဲ့သူဟာ ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ခံစားရမှာပဲလေ" ဆိုပြီး ရှုအောင်ရဲ့ ခေါင်းကို ပွတ်ပြီး ၀မ်းသာစွာနဲ့ ပြောပါတယ်။

အဲ့ဒီတော့မှ ရှုအောင်လည်း သံသယတွေ ကင်းသွားပြီး ခေါင်းညိတ်ကာ အမေ့စကားတွေကို ယုံကြည်လိုက်ပါတယ်။

နောက်တော့ ရှုအောင်ဟာ ကျန်းမာစွာနဲ့ အရွယ်ရောက်လာပြီး သူ့ရဲ့ ဖြောင့်မတ်တည်ကြည်တဲ့ ကိုယ်ကျင့်သိက္ခာတွေကြောင့် ချူတိုင်းပြည်ရဲ့ နယ်စားမင်းဖြစ်ခဲ့ပါတယ်။ သူဟာ အဲ့ဒီနယ်စားမင်းတာဝန်ကို မထမ်းဆောင်ရသေးခင်မှာ ပြည်သူလူထုတွေဟာ သူကို အရာရာတိုင်းမှာ ယုံကြည်အားထား လေးစား ချစ်ခင်ကြတယ်လေ။

ရှုအောင်ဟာ သေမင်းနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတာ သိတဲ့ အချိန်မှာတောင် သူများကောင်းကျိုးအတွက် စဉ်းစားပေးတယ်လေ။ ဒါ့ကြောင့် ပြည်သူလူထုတွေဟာ သူ့ကို ယုံကြည်လေးစား ချစ်ခင်ကြတာပေါ့။

ဒီသဘောပါပဲ။ မိမိကိုယ်တိုင်က သူများကောင်းကျိုးအတွက် စဉ်းစားပေးမယ်ဆိုရင် သူများတွေရဲ့ အရေးပေးထောက်ခံခြင်းနဲ့ ယုံကြည်လေးစားမှုကို တန်ပြန်ခံစားရမှာ အမှန်ပဲဆိုတာကို ရှုအောင်လေးရဲ့အကြောင်းဖတ်ပြီး သူ့ရဲ့မွန်မြတ်တဲ့ စိတ်ထားအတွက် အတုယူ ၀မ်းမြောက်သင့်ကြောင်း ပုံပြင်လေးမှတဆင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

မူရင်း လေးကနေ ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ အမှားအယွင်းများပါရှိခဲ့ရင် သည်းခံဖတ်ရှုပေးပါရန်....

အားလုံးကို ခင်မင်လေးစားလျက်


13

အမေဆိုတာ အေးမြတဲ့ ဘူတာလေးတစ်ခုပါ

အဖေတစ်ယောက် လူ့လောက ကနေ ထွက်ခွါသွားပြီးနောက် သူဟာအိမ်ပြန်လာတဲ့ အကြိမ်တွေ နည်းသွားပါတယ်။ အထူးသဖြင့် ဒီနှစ်ပိုင်းမှာ တိတ်ဆိတ်ငြိမ်သက်လှတဲ့ အိမ်ကြီးထဲ တစ်ယောက်တည်း အဖော်မဲ့ အထီးကျန်စွာနဲ့ နေရတဲ့သူမကတော့ သူ့ရဲ့မိထွေးပါ။

သူ ၆နှစ်သားတုန်းက အဖေနဲ့အမေ ကွာရှင်းပြတ်စဲလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အမေဟာ လောကကြီးကနေ စွန့်ခွါသွားပါတယ်။

အဲ့ဒီအချိန်မှာ အဖေဟာ နောက်မိန်းမ ယူခဲ့ပါတယ်။ မိထွေးဟာ အမေ့ထက် အသက်ပိုငယ်ပြီး ပိုလှတယ်လေ။ ပြီးတော့ အဖေ့ကိုလည်း ကျေနပ်မှုပီတိတွေ ပေးနိုင်တဲ့သူပေါ့။ မိထွေးဟာ သူ့အပေါ် ဘယ်လောက်ပဲကောင်းကောင်း သူကတော့ မိထွေးကြောင့် သူ့အမေသေခဲ့ရတာ၊ အမေ့ကို သတ်တဲ့ တရားခံလို့ စိတ်ထဲမှတ်ထားပြီး မိထွေးကို ကြီးမားတဲ့ ရန်ငြိုးတွေနဲ့ သူစိမ်းဆန်ဆန် ဆက်ဆံခဲ့ပါတယ်။


တစ်နှစ်ကြာပြီးနောက် မိထွေးဟာ သူ့အတွက်အရမ်းချစ်ဖို့ကောင်းတဲ့ ညီမလေးတစ်ယောက်မွေးခဲ့တယ်။ သူ့ရင်ထဲက ရန်ငြိုးတွေက ပိုပြီးတော့တောင် ကြီးမားလာခဲ့တယ်။ ဒီလိုနဲ့ညီမလေးဟာ  တဖြည်းဖြည်း အရွယ်ရောက်လာပြီး သူ့ကို "အကို အကို" လို့ခေါ်တယ်။ ဒါပေမယ့် သူကတော့ မိထွေးကို မုန်းလွန်းလို့ မျက်နှာလွဲခဲပစ်နေခဲ့တယ်လေ။

တစ်နေ့မှာ ညီမလေးက သူနဲ့အတူတူ ဆော့ကစားနေတုန်း သတိမထားမိဘဲ ရေတွင်းပျက်ကြီးထဲ ကျသွားတယ်။ အဲ့ဒီအချိန်မှာ သူက ကယ်ကြပါ ကယ်ကြပါလို့ အော်ဟစ်အကူအညီတောင်းလိုက်ရင် ညီမလေးကို အချိန်မီကယ်တင်လို့ရမယ်လေ။ ဒါပေမယ့် သူက အဲ့ဒီအချိန်မှာတွေဝေစွာနဲ့ စိတ်ထဲကနေပြီး သူမကို ရေတွင်းထဲက ရေတွေ နည်းနည်းလောက်သောက်ခိုင်းလိုက်မယ်။ ခဏနေမှ သူအော်ပြီး အကူအညီတောင်းမယ်၊ ပြီးတော့မှ ညီမလေးကို ကယ်လိုက်မှာပေါ့လို့ စဉ်းစားလိုက်တယ်လေ။ အဲ့ဒီလိုစဉ်းစားပြီးတာနဲ့ သူဟာ တစ်နေရာဘက် ပြေးထွက်သွားပြီး ကစားနေလိုက်ပါတယ်။ ကစားရင်း ကစားရင်းနဲ့ ညီမလေး ရေတွင်းထဲမှာ ရှိတုန်းပဲဆိုတာကို မေ့သွားပါရော။ နောက်မှ မိထွေးက မင်း ရဲ့ညီမလေးဘယ်မှာလဲလို့မေးတော့မှ သူဟာ အရမ်းတုန်လှုပ်ခြောက်ခြားသွားပြီး ဇောချွေးတွေ ပြန်လာတော့တယ်။

မျက်လုံးစုံပိတ်နေပြီး အေးစက်မာတောင့်နေတဲ့ ညီမလေးရဲ့ ခန္ဓာကိုယ်ရှေ့မှာ မိထွေးကတော့ ရှိုက်ကြီးတငင်ပူဆွေးငိုကြွေးပြီး သူ့ကိုလည်း အပြစ်တင်ခြင်းလုံးဝ မရှိခဲ့ဘူးလေ အဲ့ဒီမှာ သူအကြီးအကျယ် နောင်တရသွားတယ်။

သမီးဆုံးရှုံးသွားပြီးနောက်ပိုင်းမှာ မိထွေးဆိုပေမယ့် အိမ်မှုကိစ္စအ၀၀ကို သူမပဲ ဦးဆောင်လုပ်ကိုင်ခဲ့ရတယ်။ အဖေနဲ့အတူတူအိမ်မှာ ရှိတဲ့အချိန်တွေမှာလည်း သူနဲ့ သူ့မိထွေး တစ်ဦးကို တစ်ဦး အေးတိအေးစက်၊ တရင်းတနှီး သိပ်မရှိပဲ ဒီလိုပဲ နေ့ရက်တွေကို ဖြတ်သန်းခဲ့ကြတယ်။

နောက်တော့ သူတက္ကသိုလ်တက်ရောက် အောင်မြင်ပြီးနောက် လုပ်ငန်းခွင်ထဲဝင်ခဲ့တယ်။ အဖေနဲ့ မိထွေးဝေးရာနေရာကိုထွက်လာပါတယ်။ အဖေသာ မိထွေးရှိနေမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်မလာနိုင်တော့ဘူးလို့ သူထင်ထားပါတယ်။

ဒါပေမယ့် သူထင်မှတ်မထားခဲ့တာကတော့ အဖေဟာ ရုတ်တရက် ကင်ဆာရောဂါရလာပါတယ်။ အဖေ ဆုံးပါးသွားတဲ့အချိန်မှာ သူဟာ သတင်းရလို့ အိမ်ကို ချက်ချင်း အမြန်ဆုံးပြန်လာတဲ့လမ်းမှာပဲ ရှိပါသေးတယ်။ သူ့ကို အဖေ မသေခင် ဘာတွေများမှာကြားသွားမလဲဆိုတာ သူလုံးဝမသိရသေးတာ အမှန်ပါ။ သူ အဖေ့အသက်ကို နောက်ဆုံးအကြိမ်အထိ မမီလိုက်ပါဘူး။ ဒီလိုနဲ့အဖေ့အသုဘ ဆောင်ရွက်ပြီးနောက် အဖေ့ညီဖြစ်သူ သူ့ဦးလေးက ပြောပြပါတော့တယ်။" မင်းအဖေ မသေခင် စိတ်မချဆုံးကတော့ မင်းရဲ့မိထွေးပဲကွ သူရှိတဲ့အချိန်မှာ မင်းမိထွေးက မျက်နှာမငယ်ရပေမယ့် သူမရှိတော့တဲ့အချိန်မှာ သူမ ဘယ်လိုမျက်နှာနဲ့နေရမလဲ" လို့ပြောတယ်။ သူ့အဖေစိတ်ကို သူနားလည်သဘောပေါက်တယ်လေ မိထွေးအပေါ်မှာ သူကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်ဆိုတာ သူသိသွားတယ်။

အဖေမဆုံးခင် မှာသွားတဲ့စကားတွေကြောင့် သူဟာ မိထွေးအပေါ် ကောင်းမွန်စွာ ဆက်ဆံလာတယ်။ မိထွေးအပေါ်လည်း သူဟာ သူ့ရဲ့ကြီးမားတဲ့ အမှားတစ်ခုအတွက် လိပ်ပြာမသန့်ဖြစ်ခဲ့တယ်လေ။ အိမ်ကိုပြန်ခဲလှပေမယ့် ၃ရက်ခြား ၅ရက်ခြားတော့ သူ့မိထွေးဆီ သူပိုက်ဆံပို့ပေးတယ်။ တစ်နှစ်ကိုလည်း ၃၊ ၄ကြိမ် ဖုန်းဆက် သတင်းမေးပါတယ်။ တကြိမ်မှာတော့ ကုမ္ပဏီကနေ ခရီးဝေးထွက်ဖို့ စီစဉ်လာပါတယ်။ အဲ့ဒီခရီးဝေးကိုသွားရမယ့် ရထားဘူတာဟာ သူ့အိမ်နဲ့မလှမ်းမကမ်းမှာရှိပါတယ်။

အဲ့ဒီလိုနဲ့ အိမ်နဲ့နီးလှတဲ့ ရထား ဘူတာကို ဆိုက်ရောက်ဖို့ ၅မိနစ်ပဲလိုပါတော့တယ်။ ဘူတာကို ရောက်ဖို့ ပိုနီးလာလေ သူ့ရဲ့စိတ်တွေပိုလှုပ်ရှားလေပါပဲ။ ခါတိုင်း သူအိမ်ပြန်နေကျ အချိန်တိုင်း အဖေဟာ မိထွေးနဲ့အတူတူ ဘူတာကို စောစီးစွာ ကြိုရောက်နေတတ်ပြီး သူ့ကို စောင့်နေလေ့ရှိပါတယ်။ အဖေ့ကိုတွေ့တာနဲ့ ၀မ်းသာအားရနဲ့ လက်ပြနှုတ်ဆက်နေကျပဲလေ။ မိထွေးကိုတော့ သူဂရုမပြုခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ဟာ ခါတိုင်းထက်တော့ မတူဘူး။ အဖေလည်းမရှိတော့ဘူး၊ မိထွေးလည်း သူ့ကို လာကြိုနိုင်မှာမဟုတ်လို့ပါပဲ။

သူ့ခေါင်းထဲကို ရုတ်တရက် အတွေးတွေဝင်လာတယ်။ " မိထွေးဆိုတာ အမှန်တော့ အမေပဲလေ။ ဒါပေမယ့် မိထွေးဆိုတာ အမေရင်းမရှိတဲ့ ကလေးတွေမှာသာ ရှိတတ်တာ........ " စသဖြင့် ခေါင်းထဲကို တစ်ခုပြီးတစ်ခုဝင်လာတာတွေပါ။ အဲ့ဒီအချိန်မှာ ရထားဟာ ဘူတာလေးဆီ ဆိုက်ကပ်လိုက်ပါတယ်။ သူဟာရထားပေါ်ကနေ ပြတင်းတံခါးကိုဖွင့်လိုက်ပြီး အပြင်ဘက်ကို ငေးမောကြည့်လိုက်တယ်။

အေးမြတဲ့ ဆောင်းတွင်းရဲ့ မနက်ပိုင်း ၄၊၅နာရီဝန်းကျင်မှာ ရထားစင်္ကြန်လမ်းပေါ်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးတစ်ယောက်ကလွဲလို့ ဘယ်သူမှမရှိဘူး။ ဒီလိုအေးမြတဲ့ ရာသီဥတု၊ ပြီးတော့ ရင်းနှီးတဲ့ဆွေမျိုးသားချင်းတစ်ယောက်မှ မတွေ့ရ၊ လူတွေရဲ့ ဆူညံလှုပ်ရှားမှုတွေလည်း မရှိတာတွေကြောင့် သူ့ကို ပိုပြီးတော့ အထီးကျန်ဆန်စေ၊ ၀မ်းနည်းစေပါတယ်။ သူ သက်ပြင်းရှည်ကြီး ချလိုက်တယ်။ ပြီးတော့ မြင်သမျှ အရာအားလုံးတွေကို အမြင်အာရုံထဲကနေ ပြန်ရုပ်သိမ်းဖို့ ကြိုးစားတယ်။

ရုတ်တရက် ရထားဘူတာရှေ့မှာ စားစရာတွေကို လက်တွန်းလှည်းနဲ့ ရောင်းနေတဲ့ အမျိုးသမီးကြီးတစ်ဦးကိုတွေ့တယ်။ လက်တစ်ဖက်က တွန်းလှည်းတွန်းရင်း တဖက်ကလည်း ရထားတွဲက တံခါးတွေလိုက်ခေါက်ပြီး အစားအစာတွေရောင်းပါတယ်။ အမျိုးသမီးကြီးရဲ့ ခေါင်းထက်မှာ ထူထဲလှတဲ့ သဘက်နဲ့ ခေါင်းပေါင်းထားပြီး သူမပုံစံ ကြည့်ရတာ အတော်လေး ဆင်းရဲနွမ်းပါးပြီး အားနည်း ချည့်နဲ့နေပုံရပါတယ်။ သူ့တွန်းတဲ့လှည်းရဲ့ လက်တစ်စုံဟာလည်း လက်အိတ်မ၀တ်ထားလို့ လက်တပြင်လုံး နီရဲနေတာကို သူတွေ့လိုက်ရတယ်လေ။

သူမဆီက အစားအစာတွေကို ၀ယ်ယူသူက အရမ်းနည်းတယ်လေ။ အဲ့ဒီလိုနဲ့ အမျိုးသမီးကြီးဟာ သူရှိနေတဲ့ ပြတင်းတံခါးနားဆီကို တဖြည်းဖြည်း ရောက်လာပြီး သူနဲ့ မျက်နှာချင်းဆိုင် ဆုံမိတဲ့ တခဏ အတွင်းမှာ သူ တော်တော်လေးမှင်သက် အံ့သြသွားတယ်။ သူမဟာ တကယ်တော့ သူ့မိထွေးဖြစ်နေတာပါပဲ။
သူမ ဘာ့ကြောင့် ဒီလိုပုံစံဖြစ်သွားရတာလဲ ? ဘယ်အချိန်ကတည်းက ဒီလို ဈေးရောင်းတဲ့ ဘ၀ ရောက်သွားခဲ့ရတာလဲ ?

တချိန်တည်းမှာပဲ မိထွေးကလည်း သူ့ကို ချက်ချင်းမှတ်မိသွားတယ်။ ပြီးတော့ စကားတစ်ခွန်းစပြောတော့တယ်။

"ငါ ဒီမှာ ဈေးရောင်းနေတာ ၄နှစ်ကျော်ပြီ နေ့တိုင်း ငါ့သားမျက်နှာကို မြင်ချင်လွန်းလို့ပါ။ ဒီနေ့တော့.........ဒီနေ့တော့ ငါတကယ်မြင်လိုက်ရပြီ"

သူဟာ သူ့မိထွေးရဲ့ စကားကို ပြန်ဖြေမလို့ ကြိုးစားနေတုန်းမှာ ရထားဟာ တဖြည်းဖြည်းနဲ့ စတင်ထွက်ခွါနေပြီလေ။ အဲ့ဒီအချိန်မှာ မိထွေးဟာ တခဏတာ ပျာယာခတ်သွားတယ်။ ပြီးတော့စကားဆက်မပြောတော့ဘဲ သူမရဲ့ ဈေးတွန်းလှည်းပေါ်က ရေဘူး၊ မုန့်ခြောက်တွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေကို ကမန်းကတန်း သူ့လက်ထဲ ထည့်ပေးတော့တယ် ပြီးတော့ တဖက်ကလည်း တွန်းလှည်းကို တွန်းပြီး ရထားနောက်ကို ပြေးလိုက်ပါလေရော။

ဒါပေမယ့် ရထားဟာ သူမနဲ့ တဖြည်းဖြည်း ဝေးပြီးရင်း ဝေးတဲ့ နေရာဆီကို ရောက်သွားပါပြီ။ နောက်ဆို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလေ။ နောက်ဆုံးမှာ သူဟာ ရထားပြတင်းပေါက်ကနေ ခေါင်းပြူထွက်ပြီး ရင်ထဲက လှိုက်လှိုက်လှဲလှဲ အသံအကျယ်ကြီး အော်ခေါ်လိုက်တာကတော့.......

"အမေ ... အမေရေ........" တဲ့။

မူရင်းရေးသားသူ........徐立新 (Xu Li Xing) - 母亲是静候的小站

ဝိုင်း ဘာသာပြန်ဆိုရေးသားသည်။

ဒီဘာသာပြန်လေးဖတ်ပြီး လောကကြီးမှာ ရှိတဲ့ သားသမီးတိုင်း မိဘမေတ္တာကို တန်ဖိုးထား လေးစားနိုင်ပြီး မိဘကျေးဇူးကို အတတ်နိုင်ဆုံးကျေပွန်အောင် ဆပ်နိုင်တဲ့ သားသမီးကောင်း ရတနာများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း..........

အားလုံးကို ခင်မင်လေးစားလျက်


9

ထင်းခုတ်သမားနှစ်ဦး

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။


နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်

ဆရာတော် အရှင်နာယကာလင်္ကာရ(မနက်ဖြန်) ရဲ့ အသိပညာပေး ပုံပြင်လေးတစ်ပုဒ်ပါ။ လူတိုင်း မှတ်သား နာယူသင့်တဲ့ ပညာပေးလေးတစ်ခုဖြစ်လို့ ဒီပို့စ်လေးမှတဆင့် အားလုံးကို မျှဝေပေးလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်

6

မျက်မမြင်လျှို့ဝှက်ချက်

တစ်ခါတုန်းက မျက်မမြင်လူကြီးနဲ့ မျက်မမြင်လူငယ် နှစ်ဦးရှိကြပါတယ်။ သူတို့ဟာ ဘ၀တူတွေဖြစ်လို့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ အတူတူနေကြသတဲ့။ နေ့တိုင်း သူတို့ဟာ စောင်းတီးတဲ့ အတတ်ပညာနဲ့ ဘ၀အတွက် အသက်ဆက်လက် ရှင်သန်ကာ စားသောက်နေထိုင်ကြရတယ်။ ရက်တွေ နှစ် လတွေ ကြာတော့ မျက်မမြင်လူကြီးဟာ ဇရာထောက်လာတဲ့ အတွက်ကြောင့် နာမကျန်းဖြစ်ပါတော့တယ်။ အဲ့ဒီလိုနဲ့ လူ့လောကနေ မထွက်သွားခင်တစ်နေ့မှာ မျက်မမြင်လူငယ်ကို ခေါ်ပြီး "ကလေးရေ ငါ့မှာ လျှို့ဝှက်ချက် တစ်ခုရှိတယ်။ အဲ့ဒီလျှို့ဝှက်ချက်ကြောင့် မင်းရဲ့မျက်စိ အလင်းပြန်မြင်ရလိမ့်မယ်။ အဲ့ဒါကို ငါ စောင်းလေးထဲမှာ ဖွက်ထားတယ်။ ဒါပေမယ့် မင်းမှတ်ထားရမှာက ဒီစောင်းရဲ့ ကြိုးတစ်ထောင်ပြတ်အောင် တီးနိုင်မှသာ လျှို့ဝှက်ချက်ကို ဒီစောင်းထဲကနေ ထုတ်ယူရလိမ့်မယ်။ မဟုတ်ရင် မင်းမျက်စိ အလင်းပြန်မြင်ရမှာမဟုတ်ဘူး" လို့ မှာကြားပြီး ဆုံးပါးသွားခဲ့ပါတယ်။ လူငယ်လေးကလည်း မျက်ရည်တသွင်သွင် စီးကျပြီးပြီး ဆရာပြောခဲ့တာတွေကို လက်ခံ သဘောတူလိုက်ပါတယ်။

အဲ့ဒီလိုနဲ့ လူငယ်လေးဟာ ဆရာကြီးမသေခင်ပြောခဲ့တဲ့ စကားကိုရင်ဝယ်ပိုက်ကာ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် စောင်းတီးတဲ့ ပညာကို မရပ်မနား ကြိုးစားပမ်းစား လေ့ကျင့်ပါတော့တယ်။ သူလေ့ကျင့်လို့ တီးတဲ့အခါတိုင်းမှာ ပြတ်သွားတဲ့ စောင်းကြိုးလေးတွေကို သိမ်းထားတယ်လေ။ နောက်ဆုံး စောင်းကြိုးပေါင်းတစ်ထောင်ပြည့်သွားတဲ့အခါမှာ မျက်မမြင်လူငယ်လေးဟာ စောင်းပညာကို တဖက်ကမ်းခတ်ကျွမ်းကျင်ပြောင်မြောက်စွာတီးခတ်နိုင်တဲ့ စောင်းပညာရှင်ကြီး တစ်ဦးဖြစ်နေပါပြီ။ အဲ့ဒီအချိန်မှာ သူက စိတ်ထဲမှာ ပီတိဖြစ် ၀မ်းသာနေတယ်။ နောက်ပြီး ဆရာကြီးပြောခဲ့တဲ့အတိုင်း  ဖြည်းဖြည်းချင်း စောင်းလေးထဲက လျှို့ဝှက်ချက်ကို လက်တုန်တုန်ရီရီနဲ့ ဖွင့်ကြည့်ပါတော့တယ်။

ဘေးကလူကို စောင်းထဲမှာ ဘာရှိလဲဆိုတာကို ပြောပြခိုင်းပါတယ်။ စောင်းထဲမှာတော့ စာရွက်ဖြူလေးတစ်စောင်ပဲရှိတယ်လေ။ စာရွက်ထဲမှာ ဘာမှကို ရေးမထားပါဘူး။ အဲ့ဒီအချိန်မှာ သူဟာ စာရွက်ကိုကိုင်ပြီး မျက်ရည်တွေ စီးကျလာတယ်။ ပြီးတော့ သူ ရယ်လိုက်ပါတယ်။ မျက်မမြင်လူကြီးကပဲ သူ့ကိုလိမ်လည်ခဲ့တာလား ?

ဘာမှရေးမထားတဲ့ စာရွက်ကို သူကိုင်ထားပြီး ဘာဖြစ်လို့ရယ်လိုက်တာလဲ ?



အဲ့ဒါကတော့ သူလျှို့ဝှက်ချက်လေးကို ထုတ်လိုက်တဲ့ အချိန်တခဏလေးမှာ ရုတ်တရက် ဆရာ့ရဲ့ ရည်ရွယ်ချက်တွေကို သူနားလည်လိုက်လို့ပါပဲ။ တကယ်တော့ စာရွက်လွတ်လေးတရွက်ပေမယ့် တကယ့်တကယ်မှာ ဘာမှကို မရှိခဲ့တဲ့ လျှို့ဝှက်ချက်လေးတစ်ခု။ ဘယ်သူမှလည်း ခိုးယူလို့လည်း မရတဲ့ အရာလေးပါ။ သူဟာ ငယ်ငယ်ကတည်းက ကြီးပြင်းတဲ့အထိ စောင်းကြိုးပေါင်းတစ်ထောင်ပြတ်အောင် တီးခတ်ခဲ့နိုင်လို့သာ ဆရာကြီးပြောခဲ့တဲ့ လျှို့ဝှက်ချက်ရဲ့ စစ်မှန်တဲ့ သဘောတရားကို သိရှိသွားလို့ပေါ့။
ဆရာကြီးပြောခဲ့တဲ့ လျှို့ဝှက်ချက်လေးကတော့ မျှော်လင့်ခြင်းရဲ့ အလင်းရောင်ပါပဲ။ အမှောင်လမ်းမှာ စမ်းတ၀ါးဝါးနဲ့ အခက်အခဲတွေ ဆူးခလုတ်တွေကြားထဲမှာ ဖြည်းဖြည်းချင်းဖြတ်ကျော်နေရတဲ့ အချိန်မှာ ဆရာကြီးဟာ သူ့အတွက် မျှော်လင့်ခြင်းအလင်းရောင်မီးအိမ်လေးကို ထွန်းညှိပေးခဲ့တယ်လေ။ တကယ်လို့သာ ဒီမီးအိမ်လေးမရှိခဲ့ဘူးဆိုရင် သူဟာ အမြဲတမ်းအမှောင်ထဲမှာ၊ အခက်အခဲတွေကြားထဲမှာပဲ အခါခါ လဲပြိုပြီး ဘယ်လိုမှ ရုန်းထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ အခုလို သူ့ဘ၀မှာမျှော်လင့်ခြင်း အလင်းရောင်ရှိခဲ့လို့သာ သူဟာ စောင်းကြိုးပေါင်း တစ်ထောင်ပြတ်နိုင်အောင် တီးခတ်နိုင်ခဲ့တယ်။ ဘယ်တော့မှ ကိုယ့်ဘ၀ကို ကိုယ်အရှုံးမပေးပဲ တနေ့မှာ အလင်းပြန်မြင်ရမယ်လို့ ယုံကြည်ချက် အပြည့်အ၀သာ ရှိခဲ့လို့သာ အခုလို အောင်မြင်တဲ့ စောင်းပညာရှင်ကြီး ဖြစ်လာခဲ့တာပါလေ။ အဲ့ဒီအချိန်ကျရင် ဘ၀မှာ တွေ့ရမယ့် အခက်အခဲ အမှောင်ထုကြီး ဆိုတာလည်း ထာဝရပျောက်ကွယ်သွားမှာပဲလေ။  
 
သူငယ်ချင်းတို့ရဲ့ ဘ၀တွေမှာလည်း တစ်ချိန်ချိန် အခက်အခဲ အတားအဆီးတွေ တွေ့ဆုံလာရတဲ့အခါမှာ ယုံကြည်ချက် အပြည့်အ၀နဲ့ တစ်နေ့မှာ အောင်မြင်ကျော်လွှားနိုင်ရမယ်လို့ မျှော်လင့်ထားမယ်ဆိုရင် အမှောင်တွေပျောက်ပြီး အလင်းတွေ ထာဝရရောက်ရှိလာမှာ အမှန်ပါပဲနော်။
 
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း ဘာသာပြန်ဆို ရေးသားသည်။
မူရင်း......瞎子的秘方

2

အဆုံးမဲ့ မျှော်လင့်ခြင်း အလင်းရောင်

တစ်ခါတုန်းက အခန်းလေး၁ခန်းထဲမှာ မီးထွန်းလင်းနေတဲ့ ဖယောင်းတိုင်လေး ၄တိုင်ရှိပါတယ်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လွန်းလို့ သူတို့တွေရဲ့ စကားပြောသံကိုတောင်ကြားနိုင်ပါတယ်။

နံပါတ်(၁) ဖယောင်းတိုင်က စပြောပါတယ်။ ငါကတော့ ငြိမ်းချမ်းရေး ဖယောင်းတိုင်ပါ။
ဘယ်သူတွေက ဘယ်လောက်ပဲတောက်လောင်အောင်လုပ်လုပ် ငါကတော့ ငြိမ်းသွားရမှာပဲတဲ့။ အဲ့ဒီလိုနဲ့ ငြိမ်းချမ်းရေးမီးတောက်လေးဟာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မီးငြိမ်းသွားခဲ့ပါတယ်။

နံပါတ်(၂) ဖယောင်းတိုင်က ပြောပါတယ်။ ငါကတော့ ယုံကြည်ချက် ဖယောင်းတိုင်ပါ။ ကမ္ဘာပေါ်မှာ ရှိသမျှအရာအားလုံးက တာရှည်ခံ မတည်မြဲပါဘူး။ ငါကလည်းအချိန်ကာလ ကြာအောင် မတောက်လောင်နိုင်ပါဘူး။ ငါသာတောက်လောင်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ ခဏတာပဲဖြစ်မှာပါ။ အဲ့ဒီလိုသူပြောပြီးသွားတဲ့အချိန်မှာ လေနုအေးလေးတချက်ဝှေ့လိုက်တော့ ယုံကြည်ချက် မီးတောက်ဟာလည်း ချက်ချင်းငြိမ်းသွားပါတယ်။

အဲ့ဒီလိုနဲ့ နံပါတ်(၃) ဖယောင်းတိုင်လေးကလည်း ၀မ်းနည်းစွာနဲ့ဒီလိုပြောပါတယ်။ ငါကတော့ ချစ်ခြင်း ဖယောင်းတိုင်ပါ။ ငါ့မှာဆက်ပြီးတောက်လောင်ဖို့အတွက် အင်အားတွေ အပြည့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ငါ့ကို သူတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေစေချင်ပေမယ့် ဘယ်လောက်ထိ ငါဟာ အရေးပါလဲဆိုတာကိုနားလည် သဘောပေါက်ခြင်းမရှိကြသေးဘူး။ သူတို့နဲ့ အနီးကပ်ဆုံးမှာရှိတဲ့အရာ(ဥပမာ- မိဘ၊ ဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်း၊ ကျန်းမာရေး၊ပျော်ရွှင်မှု) ဆိုတာတွေကို ဂရုစိုက် တန်ဖိုးထားပြီး ချစ်တတ်ကြဖို့မေ့နေတတ်ကြလို့ပဲ။ အဲ့ဒီတော့ ချစ်ခြင်းမီးတောက်ဟာလည်း သိပ်မကြာခင်အချိန်အတွင်းမှာ မီးငြိမ်းသွားပါတယ်။


ရုတ်တရက် ကလေးငယ်လေးတယောက်ဟာ အခန်းထဲကို ၀င်လာပါတယ်။ ဖယောင်းတိုင်လေး၃တိုင် မီးစာ ငြိမ်းနေတာကို မြင်လိုက်ရတော့ "ငါထင်တာ ဖယောင်းတိုင်ဆိုတာ ဖယောင်းကုန်သွားမှ မီးစာငြိမ်းသွားမယ်လို့ အခုတော့ ဘာတွေဖြစ်ကုန်ပြီး မီးငြိမ်းသွားရတာလဲ " ။ ပြောရင်းနဲ့ ကလေးငယ်လေးက ငိုပါတော့တယ်။

အဲ့ဒီမှာ နောက်ဆုံး နံပါတ်(၄) ဖယောင်းတိုင်လေးကတော့ တောက်လောင်နေတုန်းပါပဲ။ သူက ကလေးငယ်ကို ပြောပါတယ်။ " ဘာမှ မစိုးရိမ်ပါနဲ့။ ငါလောင်ကျွမ်းနေသရွေ့တော့ တခြားဖယောင်းတိုင်တွေကို အလင်းရောင်ပြန်ပေးနိုင်ပါတယ်လေ။ ငါကတော့မျှော်လင့်ခြင်း ဖယောင်းတိုင်ပါတဲ့။ "ကလေးလေးဟာ တောက်ပတဲ့ မျက်လုံးတွေနဲ့ မျှော်လင့်ခြင်း ဖယောင်းတိုင်လေးယူပြီး တခြား ဖယောင်းတိုင်၃တိုင်ကိုလိုက်ထွန်းလိုက်ပါတော့တယ်။

ဒီပုံပြင်လေးကို ဖတ်ပြီး ဘ၀မှာ မျှော်လင့်ခြင်းဆိုတာရှိနေသရွေ့ ယုံကြည်ချက်တွေ၊ ငြိမ်းချမ်းခြင်းတွေ၊ ချစ်ခြင်းတွေဟာလည်း ထပ်တူဆက်လက် တည်ရှိနေမှာပါ။ ဘယ်တော့မှ အဆုံးသတ် မသွားတဲ့ မျှော်လင့်ခြင်းတွေသာ ပိုင်ဆိုင်ထားကြမယ်ဆိုရင် အရာအားလုံးဟာ ကိုယ်နဲ့ အနီးအနားမှာ ရှိနေမှာပဲလေ။ သူငယ်ချင်းတို့ ဘ၀တွေမှာ မျှော်လင့်ခြင်းတွေ ထာဝရပိုင်ဆိုင်နိုင်ကြပါစေ.....

ဘာသာပြန်ဆိုရေးသားသည်။

ခင်မင်လေးစားလျက်

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်