Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts
10

Doomsday

Shaw Theatre မှာ 2012 Doomsday ရုပ်ရှင်ဇာတ်ကား ရုံမှာတင်နေတယ်ဆိုတာနဲ့ အစ်မကြီးရဲ့ သူငယ်ချင်း တွေနဲ့ ၀ိုင်း အပါအ၀င် အားလုံးပေါင်း ၁၇ယောက် အုပ်စုလိုက် သွားကြည့်ကြတယ်။ အဲ့ဒီကားကတော့ သာမန်ကားတွေနဲ့ မတူတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပါပဲ။

ဇာတ်လမ်း အကျဉ်းလေးကတော့-
တစ်နေ့မှာ စာရေးဆရာ Jackson Curtis ဟာ Yellow Stone Park ဆိုတဲ့နေရာကို အားလပ်ရက်တစ်နေ့မှာ သူကွာရှင်းပြီးတဲ့ ဇနီးရဲ့ သမီးနဲ့ သား၂ယောက်ကို ခေါ်ဆောင်လည်ပတ်ခဲ့ပါတယ်။ အရင်အချိန် သူတို့ ဇနီးမောင်နှံသွားခဲ့တုန်းကလောက် အဲ့ဒီနေရာက ပျော်စရာ မကောင်းတော့တာ အမှန်ပါ။ ကန်ရေပြင်တွေလည်း ရေတွေ ခြောက်ခန်းကုန်တယ်။ ပြီးတော့ အဲ့ဒီပန်းခြံနေရာကို တားမြစ်နယ်မြေတစ်ခုအဖြစ် သတ်မှတ်လိုက်ကြသေးတယ်။ အဲ့ဒီ အနီးမှာ နေတဲ့ ပင်လယ် ဓါးမြဟောင်းတစ်ယောက်ဖြစ်သူ Charle နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ Charle ကပြောတယ် " သဘာဝလောကကြီးရဲ့ သယံဇာတတွေဟာ သားရဲတိရစ္ဆာန်တွေကြောင့်၊ လူတွေရဲ့လောဘရမ္မက်တွေကြောင့် ပျက်စီးတော့မယ်။ ကမ္ဘာမြေပြင်လည်း ငြိမ်သက်နေရာကနေ ပြိုကွဲပျက်စီးလိမ့်မယ်၊ လူသားတွေအားလုံးလည်း မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်။ တချို့ နိုင်ငံတွေကဆို အကြောင်းသိလို့  သဘာဝဘေးအန္တရာယ်ကျရောက်လာရင် ခိုအောင်းလို့ရမယ့် အာကာသယာဉ်တွေတောင် လျှို့ဝှက်ပြီး ဆောက်နေကြပြီ " ဆိုပြီး ခြိမ်းခြောက်သလို ပြောလာပါတယ်။ Jackson က သူဟာ အရူးတစ်ယောက်ပဲလို့ ယူဆပြီး ခပ်ပြုံးပြုံးနဲ့ပဲ ထွက်ခွါလာခဲ့တယ်။

ဒုတိယမြောက်နေ့မှာ သဘာဝဘေးအန္တရယ်ကျရောက်လာပါတော့တယ်။ မြေကြီးတွေ အက်ကွဲ၊ ငလျင်တွေလှုပ်၊ အဆောက်အဦတွေ၊ တံတားတွေ ပြိုကျ၊ ကောင်းကင်ကနေ ဥက္ကာပျံတွေကလည်း တဖွဲဖွဲကျလာရော။ မျက်စိရှေ့မှာတင် လှပတဲ့ အိမ်တွေ၊ အဆောက်အဦတွေဟာ မြေကြီးထဲ နစ်ဝင် ဆုံးရှုံးကုန်တယ်။ ပင်လယ်ရေတွေလည်း တလိမ့်လိမ့်တက်လာပြီး ရှိသမျှအရာအားလုံးကို ဖုံးလွှမ်းတိုက်စားသွားတော့တယ်။ ကမ္ဘာ့ရဲ့ နေရာအသီးသီးမှာလည်း အမျိုးမျိုး အဖုံဖုံ ပျက်စီးနေတာတွေရောပေါ့။ Jackson နဲ့ သူမိသားစုဝင်တွေလည်း အဲ့ဒီ ဘေးရန်တွေကနေ သီသီလေး လွတ်မြောက်ခဲ့ရတာတွေကို ရင်တဖိုဖိုနဲ့ ရိုက်ကူးထားသေးတယ်။ ကားနဲ့ လွတ်အောင်ပြေးလို့မရတော့တဲ့အဆုံး လေယာဉ်နဲ့လွတ်အောင်ပြေးခဲ့ကြတယ်။ နောက်ဆုံးဘယ်ဘက်ကို ထွက်ပြေးရမလဲ မသိတဲ့အချိန် Charle ပြောဖူးခဲ့တဲ့ အာကာသယာဉ်တွေရှိတဲ့ တည်နေရာ မြေပုံဆိုတာကို သွားသတိရလိုက်တယ်။ ဒီလိုနဲ့ပဲတစ်ခုတည်းသောအသက်ရှင်သန်ဖို့ အခွင့်အရေးရှိတဲ့နေရာ ကမ္ဘာ့အရှေ့ဘက်ပိုင်း တရုတ်ပြည်ကို ရောက်သွားခဲ့ပါရော...

နောက်ဆုံး အဲ့ဒီ အာကာသယာဉ်တွေ ရှိတဲ့ နေရာကို ရောက်ခဲ့တယ်ဆိုရင်ပဲ ကမ္ဘာအရပ်ရပ်က ဒီယာဉ်တွေအကြောင်းကို သိလို့ ရောက်လာကြတဲ့ ဒုက္ခသည် လူအုပ်တွေကလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအာကာသယာဉ်အတွင်းထဲမှာတော့ နိုင်ငံ အသီးသီးက သမ္မတတွေ၊ အာဏာရှင်တွေ၊ ချမ်းသာကြွယ်ဝတဲ့ နာမည်ကြီးကုန်သည် တွေ ရောက်နှင့်နေတာပေါ့။ ပင်လယ်ဘက်က လှိုင်းလုံးတွေက တလိမ့်လိမ့်တက်လာနေပြီ ယာဉ်ရဲ့အပြင်ဘက်မှာတော့ ယာဉ်ဖြစ်လာအောင် တည်ဆောက်ခဲ့တဲ့ အလုပ်သမားတွေ၊ တခြားသော တိုင်းပြည်အသီးသီးက သာမန် ပြည်သူလူထုတွေက အထဲဝင်ခွင့်တောင်းနေသံတွေနဲ့........လှိုင်းလုံးကြီးတွေ နီးကပ်လာဖို့ ၁၅မိနစ်လောက်အလိုမှာ  အာဏာရှင်တွေက အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ကြပါတယ်။ လူရယ်လို့ဖြစ်လာရင် ဘယ်သူတွေကဖြစ် အသက်ရှင်ရမယ်၊ ဘယ်သူတွေကဖြစ် သေဆုံးကြရမယ် ဆိုပြီး ခွဲခြားထားတာမရှိဘူး။ လူသားတွေဟာ အသက်ကြီး၊ငယ်၊လတ် မရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးဟာ တစ်တန်းစားတည်းပါပဲ။ လူသားအားလုံး အသက်ရှင်သန်ကြရမယ့် အခွင့်အရေး ရှိတယ်။ နောက်ဆုံးမှာတော့ အပြင်ဘက်မှာ ကျန်ရှိနေတဲ့ ပြည်သူတွေ အားလုံးကို ယာဉ်တွေထဲ ၀င်ခွင့်ပေးလိုက်တယ် ..ယာဉ်ထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့ သူတိုင်း နောင်အနာဂတ်မှာ မျိုးဆက်ပြန့်ပွါးဖို့နဲ့ ကမ္ဘာကြီးပြန်လည် ဖွံ့ဖြိုးဖို့အတွက် တာဝန်ကိုယ်စီဟာ လူသားတိုင်းရဲ့ ရင်ထဲမှာ အစဉ်ကိန်းအောင်းစွာကျန်ရှိရင်း.....

ဆက်လက်ပြီး ဇာတ်လမ်း အသေးစိတ်ကို ကြည့်ချင်သူများအတွက် ဒီလင့် ကနေ တဆင့် ဒေါင်းပြီး  ကြည့်နိုင်ပါတယ်။

တစ်ခါတည်း ကိုတောသားလေး တက်ဂ်ထားတဲ့ ကမ္ဘာပျက်တော့မယ်ဆိုရင် ဆိုတဲ့ တက်ပို့စ်ပါ ရေးပေးလိုက်ပါတယ်။

တကယ်လို့သာ ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်..

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ...

ဝိုင်းရဲ့ မိသားစုနဲ့၊ အချစ်ဆုံး အခင်ဆုံး သူငယ်ချင်းတွေနဲ့ တူတူရှိနေချင်ပါတယ်။ ဒါပေမယ့် သူတို့တွေက အဲ့ဒီအချိန်ထိ ကိုယ့်ဘေးမှာ အမြဲတမ်း ရှိပေးနိုင်ပါ့မလားမသိဘူး။ ကိုယ်တိုင်တောင် ဘယ်နေရာမှာ ရှိနေမှန်းတောင် မသိသေးဘူးလေ။

(၂) ဘာတွေခံစားနေရလဲ...

သေမယ့်အတူတူ ဘာကို မှ မခံစားချင်တော့ဘူး ၀င်သက်ထွက်သက်မှတ်ပြီး ပုံမှန်အတိုင်း နေလိုက်မယ်။

(၃) ဘာတွေပြင်ဆင်ထားမလဲ...

လူတိုင်း တစ်နေ့မှာ သေခြင်းတရားနဲ့ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ရမှာဆိုတော့ အခုလို အသက်ရှင်နေစဉ်မှာ တတ်နိုင်သလောက် ဓမ္မဒါန ကုသိုလ် အလှူတွေ လုပ်နေမယ်။

(၄) ၀မ်းနည်းမိမှာက...

သေတော့မယ့်အချိန်ထိ လူတွေဟာ အတ္တတွေ၊ ကိလေသာတွေရှိတုန်းပဲလေ။ ကိုယ့်အသက်လွတ်မြောက်ဖို့အတွက် သူများအသက်ကို စတေးလိုက်ရမှ အသက်ရှင်သန်ရမယ် ဆိုတဲ့ လူ့ အတ္တသမားတွေအတွက် ၀မ်းနည်းမိတယ်။

ပြီးတော့ လူ့လောကကြီးအတွက် ဘာတစ်ခုမှ အကျိုးပြုနိုင်တဲ့သူတစ်ယောက် မဟုတ်သေး အတွက် နောင်တရနေမိတယ်။ လူ့ဘ၀မှာ ဘာမှမဖြစ်သေး မလုပ်ရသေးခင် သေရတော့မယ်ဆိုတာကိုတွေးပြီး ၀မ်းနည်းစွာခံစားမိပါတယ်။


(၅) ကြောက်လန့်မိတာက...

ဒုက္ခဝေဒနာတွေ ခံစားရပြီးမှ မသေမရှင် ဖြစ်နေမှာကို။ တကယ်လို့ သေသွားပြီးရင်လည်း သာသနာမရှိတဲ့ နေရာ၊ အယူဝါဒလွဲမှားနေတဲ့နေရာမျိုးတွေ ရောက်သွားရင်ရော.......

(၆) ဆောင်ထားချင်တာ...

အနားမှာတော့ ဆက်သွယ်လို့ရမယ့် ဖုန်းတစ်လုံးတော့ ရှိချင်တယ် မသေခင် အားလုံးကို နှုတ်ဆက်စကား ပြောသွားချင်တယ် ( ကိုယ်ချစ်တဲ့ ခင်တဲ့ သူတွေနဲ့ ဝေးကွာနေရတဲ့အခါ သူတို့ကို အလေးထားခဲ့ကြောင်း ချစ်ခဲ့ကြောင်းကိုတော့ သိစေချင်တယ်) အခွင့်အရေး ရခဲ့မယ်ဆိုရင်ပါ...... ရုပ်ရှင်ထဲကလို အဖိုးကြီးက သူ့မိသားစုနဲ့ နောက်ဆုံးအချိန်ထိ စကားပြောဖို့ အခွင့်အရေး မရလိုက်လို့လေ

(၇) ဘာတွေရေးမိမလဲ..

ပုထုဇဉ်ဖြစ်တဲ့အတွက်ကိုယ်ကိုယ်တိုင်တောင်မလွတ်နိုင်သေးတာသူများအတွက်ဘာမှ ထွေထွေထူးထူးရေးမိမှာ မဟုတ်လို့ပါ။

(၈) တွေးမိတွေးရာ...

ဘ၀မှာ ရုန်းကန်လှုပ်ရှားခဲ့သမျှ ငွေကြေး၊ ရာထူး၊ စည်းစိမ်ဥစ္စာ ၊ ဂုဏ်တွေဟာ အခုတော့ ဘာတစ်ခုမှကိုယ့်နောက်ပါတော့မှာ မဟုတ်ဘူးလေ..... အဲ့ဒီတော့ ဘာကြောင့်များ ဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ တစ်ယောက်အပေါ် တစ်ယောက် မနာလို ၀န်တိုပြီး သူများအပေါ် မတရားတာတွေ လုပ်မိတော့မှာလဲ

(၉) ဂုဏ်ယူချင်တာက...

ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေ နာကြားခွင့်ရတဲ့ ဗုဒ္ဓဘာသာလူမျိုးတစ်ယောက်ဖြစ်ခဲ့ရတယ်။

(၁၀) ရှာကြံဖြေသိမ့်မိတာက..

မိသားစုအတွက် တတ်စွမ်းတဲ့ဘက်က ကူညီခွင့် ပေးဆပ်ခွင့်ရခဲ့လို့ပါပဲ။ သာသနာသက္ကရာဇ်မှာ တရားတော်မြတ်တွေ နာကြားခွင့်၊ တတ်နိုင်သလောက် ဓမ္မဒါနအလှူတွေ လုပ်ခွင့်ရခဲ့တဲ့ အတွက်ကြောင့်ပါ။

(၁၁) ကျူးရင့်ချင်တဲ့ဥဒါန်း..

ဒီနေ့ မသေရင် မနက်ဖြန် သေရမယ်။ မနက်ဖြန်မသေရင် သန်ဘက်ခါ သေရမယ်။ တစ်နေ့နေ့တော့ သေဆုံးမယ့် အချိန်ကို ရောက်လာမှာ မလွဲဧကန်ဖြစ်လို့ မသေခင်မှာ လူတိုင်းအပေါ် စိတ်ထားဖြူစင်စွာထားပြီး တရားဓမ္မအလုပ်တွေကို အချိန်ရရင် ရသလို ကြိုးပမ်းအားထုတ်နိုင်သူဖြစ်ချင်ပါတယ်

နောက်ဆုံး အနေနဲ့ ဆရာတော် အရှင် ဆန္ဒာဓိက ရေးသားတဲ့ မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့ အကြောင်းလေး ဖတ်မိပါတယ်။ ဆက်လက်ပြီး ဖြန့်ဝေပေးလိုက်ပါရစေ...

လူသားတွေရဲ့ ဘ၀မှာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာဟာ သေခြင်းတရားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သေခြင်းတရားဟာ ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ရှိဂုဏ်မဲ့မရွေး၊ ဥာဏ်နု ဥာဏ်ရင့်မရွေး အသက်ကြီးငယ်မရွေး လူသားအားလုံးနဲ့ တပြေးညီ သက်ဆိုင်နေပါတယ်။ ဘ၀အရည်အသွေးကို ထိပ်တန်းအကျဆုံး မြင့်တင်ပေးမယ့် ဘ၀မေးခွန်းတွေထဲမှာ အချက်အချာအကျဆုံး မေးခွန်းကတော့ မသေခင် ဘာလုပ်ကြမလဲ ဆိုတဲ့ မဟာ မေးခွန်းကြီးပါပဲ။ ကိုယ်တကယ်ပိုင်ဆိုင်တဲ့ မသေခင် တခဏ ဘ၀တိုလေးကို တလေးတစားတန်ဖိုးထားတတ်ဖို့ အလုပ်ပိုနဲ့ အလုပ်လို၊ အကာအလုပ်နဲ့ အနှစ်အလုပ်ကို ခွဲခြားသိမြင်နိုင်ဖို့၊ အလုပ်သင့် အလုပ်ထိုက်ဆုံး အလုပ်တွေကို အရည်အသွေး ပြည့်မီအောင် အပြီး အဆုံး ပေါက်မြောက်အောင် အားထုတ်ဖို့ ရည်ညွှန်းပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးခါနီးကာလမှာ နှစ်ဟောင်းမှာ ငါမသေခဲ့လို့ နှစ်သစ်ကို ရောက်တာနဲ့ ငါ အသက်တစ်နှစ်ကြီးလာပြီ သေဖို့တစ်နှစ်ပိုနီးလာပြီ။ နှစ်သစ်ရဲ့ ရက်စွဲ တစ်ခုခုမှာ ငါသေချင်သေသွားနိုင်တယ်။ နှစ်ဟောင်းမှာ သေခြင်းတရားကို လွန်မြောက်ခဲ့ပေမယ့် နှစ်သစ်မှာ လွန်မြောက်ချင်မှ လွန်မြောက်မယ် ကိုယ်လုပ်ချင်တဲ့အလုပ်၊ လုပ်သင့်တဲ့ အလုပ်ဆိုတာ မသေခင်ကာလမှာပဲ လုပ်ပိုင်ခွင့်ရှိတာပါ သေပြီးရင် ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး
 
သေလွန်ခါနီးအချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို့အတွက် မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် အသေလေးနဲ့ လေ့ကျင့်ထားရပါမယ်။ အသေကြီးဆိုတာ ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံး အပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ ။ အသေလေးဆိုတာကတော့ ဘ၀တစ်နေ့တာရဲ့ နောက်ဆုံး အိပ်စက်ခြင်းကို ပြောတာပါ။ ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။ ညအိပ်တော့မယ်လို့ မျက်စိမှိတ်လိုက်တာနဲ့ ကုသိုလ်အာရုံတွေ ထင်မြင်နေရပါမယ်။ ဒါနအာရုံ၊ သီလအာရုံ၊ သမထအာရုံ၊ ၀ိပဿနာ အာရုံလို့ လေးမျိုးရှိပါတယ်။
 
ဒါန အာရုံ အနေနဲ့ ဒီနေ့ ဒီအချိန်အထိ ဘ၀တစ်သက်တာမှာ ပြုခဲ့တဲ့ ဒါနကောင်းမှုတွေထဲက ကိုယ် အနှစ်သက်ဆုံး၊ ကိုယ်ပီတိအဖြစ်ဆုံး ဒါနကောင်းမှု တစ်ခုခုကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိ ဖြစ်နေရပါမယ်။ ညအိပ်ရာ ၀င်ခါနီးတိုင်း ဘုရားသောက်တော်ရေ အသစ်လဲတဲ့ အကျင့် စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး အနီးကပ်ဆုံး ဒါနကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန်လွယ်ပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့ အတွက် ဘ၀တလျှောက်လုံး အစစအရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။
 
သီလအာရုံ အနေနဲ့ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ ညအိပ်ရာဝင်ခါနီးမှာ ငါးပါးသီလကို အသစ်ခံယူဆောက်တည်ပါ။ ဆောက်တည်ပြီးတဲ့အချိန်ကစပြီး မကျိုးပေါက်ပါစေနဲ့။ အိပ်တော့မယ်ဆိုတော့ ကျိုးပေါက်စရာမရှိတော့ပါဘူး။ ဒါဆိုရင် အခုနောက်ဆုံး ငါးပါးသီလ ယူပြီးတဲ့ အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီလို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။
 
သမထအာရုံ အနေနဲ့ ကိုယ်အနှစ်သက်ဆုံး၊ အကြည်ညိုဆုံး ဘုရားဂုဏ်တော်တစ်ခုခုကို ပွါးများပါ။ နောက်တစ်ခု သမထအနေနဲ့ မေတ္တာဘာဝနာ ပွါးများနေရပါမယ်။ သတ္တ၀ါ အားလုံး ချမ်းသာကြပါစေလို့ အနည်းဆုံး ၃ခေါက်လောက် ပွါးများရပါမယ်။ ကိုယ်နှစ်သက်ရာ ကိုယ်အားသန်ရာ မေတ္တာပွါးနည်းတွေနဲ့ မေတ္တာပွါးနိုင်ပါတယ်။
 
နောက်ဆုံး ၀ိပဿနာအာရုံ အနေနဲ့ နှာသီးဝ လေထိရာအရပ်မှာ သတိကပ်ပြီး လေ၀င်ရင် ၀င်တယ် လေထွက်ရင် ထွက်တယ်ရှုမှတ်ပြီးနေပါ။ ၀င်လေထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။
 
မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓါနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ်၊ အမြစ်ပြတ်ရေးအလုပ်ပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့အမျှ မလုပ်သင့် မလုပ်ထိုက်တာတွေလည်း ရှောင်ကြဉ်နိုင်လာပါတယ်။ လုပ်သင့်တာအားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီဆိုရင်တော့ အကြွင်းမဲ့ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ။ ဒုက္ခဆိုးတွေက ထာဝရလွတ်မြောက်ပြီး အနှိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

အရပ်ဆယ်မျက်နှာ၌ရှိကြသော နတ်လူသတ္တ၀ါအားလုံး ဘေးရန်ရောဂါ ကင်းစင်ကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

9

ကိုယ်ယုံကြည်ရာ....

“People say they love truth, but in reality they want to believe that which they love is true.”

( By - Robert J. Ringer)


လူသားတွေအတွက် ယုံကြည်မှုဆိုတာ အရေးပါတဲ့ နေရာတစ်နေရာပါပဲ ...
တစ်ချို့က ဘုရားသခင်ကို ယုံကြည်တယ် ...
တစ်ချို့က ကံကိုယုံကြည်တယ် ...
တစ်ချို့က ကိုယ့်ကိုယ်ကို ယုံကြည်တယ် ... ဒီလိုပါပဲ ကိုယ်ယုံကြည်ရာအပေါ်ကို ယုံကြည်နေကြတယ်။


ယုံကြည်မှုဆိုတဲ့နေရာမှာ မျှော်လင့်ချက်တစ်ခုတော့ ပါဝင်နေပါတယ်။ တစ်နည်းပြောရရင်တော့ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုအပေါ်မှာ ယုံကြည်မှုတွေ ရပ်တည်ရှင်သန်နေတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ယုံကြည်မှုတွေ ပိုတိုးတိုးလာစေပြီး မဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့အားထုတ်မှုလိုသေးလို့ဆိုပြီး အပြစ်ဖို့စရာ ရမယ်ရှာတတ်ကြပါတယ်။ ဒီအတွက် ကိုယ့်စိတ်ကိုယ်စစ်ပြီး ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိဖို့က အဓိကကျပါတယ်။ ဒါမှပဲ အတွေးအခေါ်၊ အတွေ့အကြုံရင့်ကျက်လာတာနဲ့ အမျှ ဘာကိုယုံပြီး ဘာကိုမျှော်လင့်ရမယ်ဆိုတာ အလိုလိုသိလာပါလိမ့်မယ်။

ဝိုင်းကတော့ ယုံကြည်မှုကိုမြတ်နိုးတယ်။ ယုံကြည်ပေးရတာကိုလည်း နှစ်သက်တယ်။ အဲဒီလို ယုံကြည်ပေးလိုက်ရတာ ကိုယ်တိုင်လည်း လုံခြုံသွားသလို ခံစားရတယ်။ သူများအပေါ်မှာလည်း ပိုလေးစားတတ်လာသလိုပဲ။ သူတဖက်သားရော ကိုယ်ကိုယ်တိုင်ရော သံသယတွေ ရှင်းနေစေချင်တယ်။ ဘာပဲပြောပြော ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံးပါ။ နိုင်ငံအချင်းချင်းကြားက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအချင်းချင်း ယုံကြည်မှုက စလို့ နောက်ဆုံး သူငယ်ချင်းနှစ်ယောက်ကြားက ယုံကြည်မှုအထိ ယုံကြည်မှုဆိုတာကတော့ အရာအားလုံးကို ခိုင်မာနွေးထွေးစေတဲ့ ဆက်ဆံရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲ။ အဲ့ဒီလို တစ်ဦးအပေါ် တစ်ဦး ယုံကြည်နိုင်ဖို့အတွက် တမင်တည်ဆောက်ယူလို့ရတာတွေလည်းရှိတယ်။ အလိုအလျောက်ဖြစ်တည်လာတာတွေလည်း ရှိပါတယ်။

ဝိုင်းက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ဦးဖြစ်တဲ့အတွက် အနန္တော အနန္တ ငါးပါး ကို ယုံကြည်ပါတယ်။

(၁) မြတ်စွာဘုရား

(၂) မြတ်စွာဘုရား ဟောကြားဆုံးမတော်မူခဲ့တဲ့ တရားဒေသနာတော်များ

(၃) သီလကိုလုံခြုံအောင် စောင့်ထိန်း၍ ၀ိပသနာဘာဝနာ ပွားများအားထုတ်နေသော သံဃာတော်မြတ်များ

(၄) မိဘနှစ်ပါး ( ၀ိုင်းတို့ သားသမီးတွေအပေါ်ထားတဲ့ စေတနာ၊ မေတ္တာ၊ အနစ်နာ၊ ဂရုဏာတွေဟာ အတိုင်းအဆမရှိ ကြီးမားလွန်းလို့ပါပဲ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အခြေအနေပဲရောက်ရောက် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သားသမီးတိုင်းကို အချစ်မပိုခဲ့သလို လျော့လည်း လျော့မသွားတော့လို့ပါပဲ)

(၅) အတတ်ပညာ အသိပညာများကို သင်ကြားပြသ ပို့ချပေးသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ

ဒါ့အပြင် ကိုယ့်ထက် ကြီးသူ၊ လေးစားအားထားရတဲ့သူ တွေရဲ့ ဆုံးမစကား တွေကိုလည်း ယုံကြည်လက်ခံပါတယ်။ သူတို့တွေဟာ ကိုယ့်ထက်ဝါရင့်ပြီး အတွေ့အကြုံ အတွေးအခေါ် ပိုပြီး ရင့်ကျက်သူများဖြစ်လို့ပါပဲ။ အမှားအမှန် အဆိုးအကောင်းတွေကို အကျိုးအကြောင်းခိုင်လုံစွာနဲ့ လမ်းမှန်ရောက်အောင် ညွှန်ကြားပြသပေးလို့ပဲဖြစ်ပါတယ်။

ကံကံ၏ အကျိုးပေးခြင်း ကိုလည်း ယုံပါသေးတယ်။ ကိုယ်ကိုယ်တိုင်က ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ခံစားရမှာအမှန်ပါ။ လူတိုင်းအပေါ်မှာ ကောင်းတဲ့ စိတ်ထားမွေးပြီး စေတနာသန့်သန့်ရှင်းရှင်းနဲ့ တစ်ဖက်သားအပေါ် ကူညီမေတ္တာပွားလိုက်တယ်ဆိုရင် ဒါဟာ သူများအတွက်ရော၊ မိမိအတွက်ပါ ကောင်းတဲ့ အကျိုးကို လုပ်ဆောင်ခြင်းလည်း ဖြစ်တယ်။

ဒီနေရာမှာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တချို့ဟာ အယူဝါဒ လွဲမှားစွာနဲ့ နတ်များကို ယုံကြည်ကိုးကွယ်မှု ပြုလုပ်နေတာကို တွေ့ရပါတယ်။ သူခိုး ဓါးပြတွေ ရိုက်နှက် လုပ်ကြံမှာကို စိုးရိမ်ပြီး ရှိခိုးပူဇော် ကိုးကွယ်နေကြတာတွေဟာ ဗုဒ္ဓဘာသာဝင်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်လို့ မကိုးကွယ်သင့်ပါဘူး။ အမှန်တကယ်ကိုးကွယ် ယုံကြည်အားထားရာ အမှန်ကတော့ ဘုရား၊တရား၊ သံဃာ ရတနာမြတ်သုံးပါးသာလျှင်ဖြစ်ပါတယ်။ နောက်ပြီး ဗေဒင်၊ ယတြာ၊ နက္ခတ်ပညာ၊ ထီထိုးခြင်းတွေကိုလည်း ယုံကြည်စရာမရှိပါဘူး။ ဗေဒင်တွေ၊ ယတြာတွေယုံပြီး ဗေဒင်တွေမေး၊ ယတြာတွေချေလိုက်လို့ မကောင်းတာတွေ အားလုံးပျောက်သွားတယ်ဆိုရင် မကောင်းမှုတွေပဲလုပ်မိပြီး ဗေဒင်တွေ၊ ယတြာတွေပဲ လုပ်မိနေတော့မှာပေါ့။ နောက်ပြီး ပြောပါသေးတယ်။ ဒါလုပ်လိုက်ရင် စာမေးပွဲအောင်မှာ၊ ကျန်းမာရေးကောင်းမှာ၊ စီးပွါးဥစ္စာတွေ တက်မှာဆိုပြီး လူတွေအပေါ် လိမ်လည် လှည့်စားနေကြတဲ့ လူလိမ်တွေလည်း အများကြီးပါ။ ပြီးတော့ ထီတို့၊ ကံစမ်းမဲတို့ဆိုတာတွေလည်း ရှိပါသေးတယ်။ ထီထိုးတိုင်းသာ ဆုမဲပေါက်ကြေးဆိုရင် အားလုံး စီးပွားမရှာတော့ပဲ ဆုမဲပေါက်ဖို့ကိုပဲ အကြိမ်ကြိမ်မျှော်လင့်စောင့်စားရင်း ရှိပြီးသား စည်းစိမ်ဥစ္စာတွေလည်း ပျောက်ဆုံး၊ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေလည်း ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ကံသည် အလုပ်ဖြစ်ပါသည်။

ဒါ့ကြောင့် မိမိတို့ ပတ်ဝန်းကျင်မှ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများကို စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာအယူအဆများဖြင့် မှန်ကန်သော လမ်းကို ရွေးချယ်စေပြီး မွန်မြတ်တဲ့ သာသနာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြစေရန် နှိုးဆော်လိုက်ပါတယ်။

နောက်ပြီး စိတ်တန်ခိုး အစွမ်းထက်တယ် ဆိုတာလည်း ယုံကြည်ပါတယ်။ မိမိကိုယ်တိုင် အလုပ်တစ်ခုခုကို လုပ်ချင်တယ်ဆိုပါတော့။ ဒီအလုပ် လုပ်ကိုလုပ်ရမယ် မဖြစ်မနေ ရအောင် လုပ်မယ်ဆိုတဲ့ ထက်သန်တဲ့ စိတ်စွမ်းအားတွေ စိတ်ထဲမှာ ကိန်းအောင်းနေတယ် ဆိုရင် ဘယ်ကိစ္စမဆို အခက်အခဲတွေကို အောင်မြင်စွာ တွန်းလှန်ကျော်ဖြတ်နိုင်မှာပါ။ ဒါကတော့ ၀ိုင်းရဲ့ ကိုယ်တွေ့ခံစားချက်ပါပဲ။ ဒီလို စိတ်တန်ခိုးတွေ ဖြစ်ပေါ်လာနိုင်ဖို့ အရေးကြီးဆုံး တစ်ချက်ကတော့ မိမိကိုယ်ကို ယုံကြည်ခြင်း အပြည့်အ၀ ရှိဖို့ပါပဲ။ မိမိကိုယ်ကို ယုံကြည်ခြင်း ရှိခဲ့လို့ အောင်မြင်သွားခဲ့ရတဲ့ ရှေးကလူတွေ၊ သာဓကတွေကတော့ အများကြီးပါ။ ၀ိုင်း ဖတ်ခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။


တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း "သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ" လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။
အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။ "မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ ဖြစ်လိမ့်မယ်" လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။
အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအ နားမကြားကျောင်းမှာ ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး ဖြစ်ခဲ့ပါပြီ။
တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။ အဲတာက သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေ မဲမှောင်နေတဲ့အချိန်၊ ရှေ့ဆက်ဖို့ လမ်းတွေ ပျောက်နေတဲ့အချိန်မှာ အမေက ဘာအကြောင်းကြောင့် သူ့အပေါ် ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။
အမေရဲ့ အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. " မြေတစ်ကွက်မှာ ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင် တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။ မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်"
အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။ မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့ အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်း သူနားလည်လိုက်တယ်။

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့ ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာ ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်....

ဒီလိုပါပဲ။ ဘ၀မှာ အရှုံးတွေနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်ခဲ့ရပါစေ။ ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်ဆိုတာကို သာဓက အနေနဲ့ ပြသွားတာပါပဲ။

နောက်တစ်ခုကတော့ မနိုင်းနိုင်းစနေ ရေးသားခဲ့တဲ့ မိမိကိုယ်ကို ယုံကြည်မှု ဆိုတဲ့ ဘာသာပြန် ဇာတ်လမ်းလေးပါ။
မွေးဖွားရာဒေသ၊ နိုင်ငံ စတာတွေကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ ဒါပေမယ့် လူ့ဘဝကို ပိုတန်ဖိုးရှိဖို့ ရွေးခွင့်တော့ ကျွန်မတို့မှာရှိခဲ့ပါတယ်။ ဆင်းရဲခြင်းက အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ကို ခွန်အားနဲ့ ရဲစွမ်းသတ္တိတွေ ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဆင်းရဲတဲ့မိသားစုက သင်မွေးဖွားခဲ့ရင် ဝမ်းမနည်းပါနဲ့။ ဒါဟာ သင်ပိုကြံ့ခိုင်နိုင်ဖို့ ဘုရားသခင်ကပေးသနားတဲ့ ဆုလာဘ်လို့ ခံယူလိုက်ပါ။ ဒါမှ ပိုကောင်းတဲ့ မနက်ဖြန်တွေက သင့်ကို ဆီးကြိုနေမှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူကမှ အောင်မြင်မှုသရဖူကို ဆောင်းနိုင်မှာဖြစ်တယ်။

ဒီစာပိုဒ်လေးကတော့ ကိုယ်ကိုယ်တိုင် ယုံကြည်မှုတွေ ကျဆင်းလာတဲ့ အချိန်တွေမှာ အကြိမ်ကြိမ် ဖတ်မိခဲ့ပါတယ်။ စိတ်ဓါတ် အတွေးအခေါ်တွေရင့်ကျက်လာအောင် အများကြီး ကြိုးစားရဦးမှာပါ။  

ဒါကတော့ မပန်းရင့်ရောင် တက်ဂ်ထားတဲ့ ယုံကြည်မှု ဆိုတဲ့ တက်ဂ်ပို့စ်လေးပါ။ နောက်ကျမှ ရေးပေးနိုင်တာ စိတ်မရှိပါနဲ့ပန်းရင့်ရေ..... အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ရှုပ်နေလို့ပါဆိုပြီးလည်း မပြောချင်တော့ပါဘူး။ ကိုတောသားလေးရဲ့ ကမ္ဘာပျက်တော့မယ် ဆိုရင် တက်ဂ်ကိုတော့ နောက်တစ်ခေါက် စောင့်ပါဦးနော်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

13

W for Waing

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.
 
1. What is your name : Waing

2. A four Letter Word : Wish

3. A boy's Name : William

4. A girl's Name : Winnie

5. An occupation : World Wide Web Developer

6. A color : White

7. Something you'll wear : Watch

8. A food : Wafer, Wing of Chicken

9. Something found in the bathroom : Water

10. A place : Washington ( Want to go with my lover )

11. A reason for being late : Waiting for bus

12. Something you'd shout : Where there's a will, there's a way

13. A movie title : Wall-E

14. Something you drink : Water (everyday) , Wine (sometimes) :D

15. A Musical group : We The Kings

16. An animal : Wolf

17. A street name : Woodlands

18. A type of car : Westfield

19. The title of a song : When you say nothing at all (By Ronan Keating)

20. A verb : Wake up ( stop sleeping !!! Go to work :P)

ဒါကတော့ မခရေ တက်ဂ်ထားတာပါ။ ဆက်လက်ပြီး စိတ်ကူးကမ္ဘာလေး(ဝေလေး) ၊ ကိုချမ်းလင်းနေ၊ ရွက်လွှင့်ခြင်း (ကိုAndrew) ၊ ကိုတလနွန်၊ မပန်းရင့်ရောင်တို့ ရေးပေးကြပါဦးနော်။

အားလုံးကို ခင်မင်လေးစားလျက်

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်