31 October, 2009

လှတာမက်လို့၊ဘ၀မပျက်စေနဲ့

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့လည်ပိုင်းတုန်းက တီဗီမှာ လာတဲ့ အစီအစဉ်လေးတစ်ခု ကြည့်ခဲ့မိပါတယ်။ ကိုယ်တွေ့ဖြစ်ရပ်မှန်အကြောင်းတွေကို အစီအစဉ်တစ်ခုအဖြစ် ရိုက်ကူးထားခြင်းပါ။ ၀ိုင်း ကြည့်ခဲ့ရတဲ့ဇာတ်လမ်းအပိုင်း ကတော့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ သူမဟာ ကျောင်းတက်ပညာသင်ယူနေဆဲကျောင်းသူတစ်ဦးဖြစ်တဲ့အပြင် အပျင်းပြေ စာတွေရေးတတ် ဖတ်တတ်တဲ့blogger တစ်ဦးဖြစ်ပါတယ်။ အမေရယ် အဖေရယ် သူမရယ် မိသားစု ၃ယောက်သာရှိတယ်။ အခုရက်ပိုင်းတွေမှာ ကျောင်းမှာ ဆရာတွေက အိမ်စာပေးရင်လည်း တစ်ခုမှ အဆင်မပြေဘူးလေ။ အမြဲတမ်းပညာရေးနဲ့ပတ်သက်ပြီး အမှားတွေပဲ လုပ်မိနေတယ်။ စိတ်တွေလည်းညစ်နေတာပေါ့။ ဒါဟာ ဘယ်လိုကနေ စဖြစ်လာတာလဲဆိုတော့...........

တစ်နေ့မှာ သူမတို့မိသားစု ထမင်းလက်ဆုံစားတဲ့အချိန် အမေဟာ သူမကို "နင် ထမင်းအများကြီးစားမနေနဲ့ နောက်ဆို နင်လည်း နင့်အဖေလိုဖြစ်မှာပဲ" ဆိုပြီး အမှတ်တမဲ့ပြောလိုက်တယ်။ သူ့အဖေဟာ ၀၀ဖိုင့်ဖိုင့် လူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီတော့ သူမဟာ သူ့အဖေလို လုံးဝ မ၀ချင်ဘူးလေ။ အဲ့ဒီတော့ ပိန်အောင်ကြိုးစားမယ်ဆိုပြီး အဲ့ဒီနေ့မှ စတင်ကာ ပိန်လာအောင် နည်းမျိုးစုံနဲ့ စမ်းသပ်ပါတော့တယ်။ တကယ်တော့ သူမပုံစံဟာ လုံးဝ မ၀ပါဘူး။ သာမန်မိန်းကလေးတစ်ဦးရဲ့ ကိုယ်ခန္ဓာမှာ ရှိသင့်တဲ့ အလေးချိန်လောက်ပါပဲ။ ဒါပေမယ့် သူမဟာ ဒီထက်လည်း မ၀ချင်တော့ပါဘူး။ ပြောပြီးတဲ့ နေ့ကတည်းက စတင်ပြီး သူမဟာ .............ပိန်လာအောင်ဆိုပြီး အားကစားတစ်ခုအဖြစ် သူငယ်ချင်းတွေနဲ့ ဘော်လီဘော ကစားခြင်းမှာ ပါဝင်ကစားတယ်။ gym တွေမှာ အပြင်းအထန် လေ့ကျင့်ခန်းတွေလုပ်တယ်။ ညဘက်ရောက်ရင် ညစာ မစားဘူး။ သန်းခေါင်ယံညဉ့်နက်အချိန် မအိပ်ဘဲ အပြေးထလေ့ကျင့်တယ်လေ။ ပြီးတော့ နေ့လည်ဘက်ဆိုရင် သူအရင်က အရမ်းကြိုက်ခဲ့တဲ့ burger တို့၊ အာလူးကြော်တို့ကို သူငယ်ချင်းတွေနဲ့ အတူတူ စားနေကျဆိုင်မှာ သွားစားဖြစ်တယ်။ သူငယ်ချင်းတွေ စားတဲ့အခါမှာ သူမက ဘာမှ မစားဘဲ ရေပဲသောက်နေခဲ့တယ်လေ။ သူမကို ဘာပဲကျွေးကျွေး အားလုံးကို စားသောက်ဖို့ ငြင်းဆန်ခဲ့တယ်။ အိမ်မှာ ညဘက်ဆို အမေက သူမကို ထမင်းကျွေးဖို့ခေါ်လည်း သူမက
" သမီး စားခဲ့ပြီးပြီ မဆာဘူး" ဆိုတာချည်းပဲ အကြိမ်ကြိမ်ငြင်းခဲ့ပြန်တယ်။

အဲ့ဒီလိုနဲ့ နေ့တွေ ကြာလာတော့ သူမဟာ နည်းနည်းလေး ပိန်လာပါတယ်။ သူငယ်ချင်းတွေ အချင်းချင်းဆုံတွေ့တဲ့အခါ " ဟယ် နင် ပိန်သွားတယ် အရင်ကထက် ပိုပြီးလည်း လှလာတယ်နော် " ဆိုပြီး ချီးကျူးစကားတွေ ပြောသွားတာပေါ့။ နောက်ဆုံး သူမ ကြားချင်တာ ဖြစ်ချင်တာက ဒီစကားတွေပဲလေ။ ဒါနဲ့ သူမ ပိန်သွားပြီ ပိန်အောင်လုပ်တဲ့နည်းကို အောင်မြင်သွားပြီ ဆိုပြီး ဘလော့မှာ ရေးသားကာ ပျော်မိသေးတယ်။

ဒီလိုနဲ့ နောက်ရက်တွေမှာ သူငယ်ချင်းတွေ စုပြီး စုဝေးပွဲတစ်ခုလုပ်ကြတယ်။ သူငယ်ချင်းတွေက အစားအစာတွေ စားတာ မြင်တဲ့အခါကျတော့ သူမလည်း လိုက်စားချင်တယ်လေ။ ဒါပေမယ့် တချို့သူငယ်ချင်းကပြောတယ် "သူတို့တွေက ဘယ်လောက်ပဲစားစား ဘယ်တော့မှ ၀လာမယ့်လူစားမျိုးမဟုတ်ဘူး" တဲ့။ အမေပြောဖူးတဲ့စကားကို သွားပြန်ကြားယောင်မိတယ် " နောက်ဆို နင်လည်း နင့်အဖေလိုဖြစ်မှာပဲ... နင့်အဖေလိုဖြစ်မှာပဲ........" ဆိုတဲ့ စကားဟာ ပဲ့တင်သံလို အကြိမ်ကြိမ်နားထဲ ရောက်ရောက်လာခဲ့တယ်လေ။ ဒါနဲ့ သူမ စားချင်တာတွေကို မစားတော့ပဲနဲ့ အစာစားခြင်းကို မျိုသိပ်နေခဲ့ပါတယ်။ အဲ့ဒီလို အစာမစားတဲ့ ရက်တွေကြာလာတော့ သူမဟာ နောက်ပိုင်း အစာအိမ်ထဲကို ဘာတစ်ခုမှ စားမ၀င်တော့ပါဘူး။ တကယ်လို့ နည်းနည်းလေး စားမိရင်တောင် အစာအိမ်က လက်မခံနိုင်တော့လို့ ပြန်ပြန် အန်ထွက်ပါတယ်။ သူမ အမေဟာလည်း သူ့သမီး တစ်ခုခု ထူးခြားနေတာကို ရိပ်မိတော့တာပေါ့။

တစ်နေ့တော့ သူမဟာ ၀က်ဘ်ဆိုဒ် တစ်ခုကနေ အမှတ်တမဲ့ရှာဖွေတွေ့ရှိခဲ့တယ်။ "ပိန်သူတွေရဲ့ နောက်ကွယ်က" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မော်ဒယ်လ်မလေးတွေက အရိုးခြောက်တွေလို (အရိုးပေါ် အရည်တင်) ဖြစ်နေတာကို သွားတွေ့မိတယ်လေ။ သူမ အရမ်း ထိတ်လန့် ကြောက်ရွံ့သွားတယ်။ သူမ ဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်သင့်လဲ ဆိုပြီး အကြိမ်ကြိမ် စဉ်းစားမိနေတယ်။

ဒါပေမယ့် သူမ သိရှိလိုက်ရတဲ့ အချိန်တွေဟာ အရမ်းကို နှောင်းခဲ့ပါပြီ။ တစ်နေ့ကျောင်းသွားတဲ့ အချိန်မှာ လမ်းလျှောက်ရင်း ရုတ်တရက် မူးလဲ ပျော့ခွေသွားပါတော့တယ်။ နီးစပ်ရာ သူငယ်ချင်းတွေက သူမကို ဆေးရုံ အချိန်မီ တင်ခဲ့ပေးတယ်။ နောက်ဆုံး ဆရာဝန်ပြောစကားအရ သူမမှာ အစာအိမ်ပြွန်ရောင် ရောဂါရှိနေပြီး နောက်နောင် ဘာအစားအစာကိုမှ လက်ခံလို့ ရတော့မှာ မဟုတ်ပါဘူးတဲ့။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ အစာရေဆာ ပြတ်လပ်မှုကြောင့် ဘ၀နိဂုံးချုပ်ရတော့မယ့် အချိန်ကို စောင့်စားရင်း စောင့်စားရင်းနဲ့ပေါ့ .................

ဒီဇာတ်လမ်းတိုလေးကို ကြည့်ပြီးနောက်ပိုင်း ဘယ်လိုမှ မျက်စိအာရုံထဲက လွယ်လွယ်နဲ့မေ့ဖျောက်ပစ်လို့မရနိုင်ခဲ့ပါဘူး ။ သူမလိုပဲ ပိန်ချင်လွန်းလို့ အားကစားတွေ အပြင်းအထန် လုပ်ပြီး အစားမစားပဲ နေ၊ ပြီးတော့ ပိန်ရင် လှလာတယ်လို့ ပြောတဲ့ စကားတွေမှာ စီးဝင်နစ်မျောနေကြတဲ့ သူမအပြင် တခြား မိန်းကလေးတွေလည်း ရှိကောင်းရှိကြမှာပါ ။ ခန္ဓာကိုယ်ဆိုတာ ၀တိုင်းလည်း မကောင်းသလို ပိန်တိုင်းလည်း မကောင်းပါဘူး။ အစားအစာကိုအချိန်မှန်၊ ပုံမှန်အာဟာရရှိအောင် စားမယ်။ အိပ်ချိန်မှာ အိပ်မယ်၊ နားချိန်မှာ နားမယ်၊ အားကစားလုပ်သင့်တဲ့ အချိန်မှာ လုပ်မယ်ဆိုရင် နောင်တစ်ချိန်မှာ ကျန်းမာ ပျော်ရွှင်စွာနဲ့ အသက်ရှင်သန်ခွင့်ရပြီး သက်ရှည်စွာနဲ့ဘ၀ပန်းတိုင်ကိုအောင်မြင်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

အခုတော့ မှားယွင်းတဲ့ အတွေးအခေါ်၊ နည်းလမ်းမမှန်တဲ့ ပိန်အောင်လုပ်တဲ့ နည်းတွေကိုအတုခိုးပြီး အလှကိုမက်တဲ့စိတ်ကြောင့် ရခဲလှတဲ့လူ့ဘ၀မှာ တန်ဖိုးရှိတဲ့ အသက်တစ်ချောင်း ဆုံးရှုံးလိုက်ရတာပဲနော်။ လှတာမက်ခဲ့မယ်ဆိုရင်တော့ အခုလိုအဖြစ်ဆိုးမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာမလွဲဧကန်အမှန်ဖြစ်ပါတယ်။

ဖော်ပြပါဇာတ်လမ်းလေးမှတဆင့် လူသားတိုင်း နည်းမှန်လမ်းမှန်နဲ့ ကျန်းမာပျော်ရွင်စွာ ဘ၀ခရီးလမ်းကိုဖြတ်သန်းနိုင်တဲ့အသိအမြင်လေးများရရှိနိုင်ပါစေလို့ ဆုတောင်းရင်းနိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကျန်းမာပျော်ရွင်သောဘ၀လေးကိုပိုင်ဆိုင်နိုင်ကြပါစေ.
 
အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

11 comments:

ညီညီ said...

ဘ၀ရဲ့ အောင်မြင်မှု့တွေမှာ ကျန်းမာခြင်းက အရမ်းအရေးကြီးမှန်းသိလိုက်ရပါသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

လင်းကြယ်ဖြူ said...
This comment has been removed by the author.
လင်းကြယ်ဖြူ said...

ကိုယ်ကျန်းမာမှ စိတ်ထဲမှာ ဖြစ်ချင်လုပ်ချင်နေတာတွေကို
လက်တွေ့အကောင်အထည်ဖော်နိုင်မှာပါ..
ကျန်းမာဖို့က ပထမ ပေါ့နော..
စာစုကောင်းတစ်ပုဒ်ပါပဲ..
ပျော်ပါစေ

flowerpoem said...

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး . . ကျေးဇူးတင်ပါတယ် အမတော့ မပိန်ချင်ပါ... ကျန်းမာရင်တော်ပါပြီ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကျန်းမာပျော်ရွှင်တဲ့ ဘ၀လေးတွေကို လူတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ...

လှတာမက်လို့ ဘ၀တွေလဲ မပျက်ကြပါစေနဲ့..

တကယ်ကို တန်ဖိုးကြီးမားတဲ့ ပို့စ်လေးတစ်ခုပါ ၀ိုင်း ရေ..

တကယ်လို့ ကောင်မလေးရဲ့ အမေက " ၀ မှ လှတာ သမီး " လို့ ဆိုလိုက်ရင် လဲ နင်းကန်ပြီး အစားအသောက်တွေ စားနေမှာလား မသိဘူးနော်...

စိတ်..ဥတု..အဟာရ.. သုံးပါးစလုံး မျှတစွာ ရရှိခံစားနိုင်ကြတဲ့ ကိုယ်..ဖြစ်ကြပါစေ...

ခင်မင်စွာဖြင့်
ကိုမျိုး

ပုံ့မေ said...

အဟဲ...မေသူတို့ ကတော့ ပိန်ဖို့ ကြိုးစားဖို့ လုံးဝစိတ်ကူးထဲတောင်မရှိဘူးး.... ဒီမျက်နှာ ပြည့်ဖောင်းကားနေအောင် မနည်းလုပ်ထားရတာ... ပိန်သွားလို့ မျက်နှာကြီး ငေါထွက်နေရင် ဘယ်လို လုပ်ကြမတုန်း... လုံးဝပဲ :D

တောသားလေး said...

ညီမရေကျန်းမာရေးအတွက်အသိပညာပေးထား
တဲ့ပို့စ်ကောင်းလေးတစ်ပုဒ်ပါဘဲ။နောင်လည်း
စာပေများကိုဆက်လက်ရေးသားပြီးအကျိုးပြုနိုင်ပါစေ။

Nge Naing said...

သိပ်ကောင်းတဲ့ပို့စ်လေးပါ ၀ိုင်းရေ။ အလွန်အကျွံဆိုတာ ဘာတခုမှ မကောင်းပါဘူး ဆိုတာ သန်ခန်းစာ ပေးလိုက်တာပေါ့။

Yu Ya said...

ဟုတ်တယ်ဗျာ.. ကျွန်တော်လည်း အခုတလော ၀ိတ်လျော့ချင်တာနဲ့ အားကစားပဲလုပ်တယ်.. အစားတော့မလျော့ရဲဘူး။ အစာအိမ်ဖြစ်မှာစိုးလို့...

ပို့စ်ကောင်းလေးတစ်ပုဒ် ပဲနော်။

yu ya

မိုးခါး said...

အမလေး
ကြောက်စရာပဲနော် ..း(

Anonymous said...

Or else, they could merely turn out acquiring software program that will not seriously deliver according to their
expectations, which is, of course, a waste of money.
The only weak point about this application is that, the help
and support offered by this company is not the best.
Promoting your website has significant impact on e-commerce,
if you want your website to belong to the much-coveted top
position of major search engines on the Internet.
Feel free to surf my site - review of google sniper

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်