22 February, 2010

ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်

(Forward mail ထဲက ဖတ်ရတာပါ မဖတ်ရသေးသူများအတွက် ဗဟုသုတ ရစေချင်လို့ ပြန်လည်မျှဝေလိုက်ပါတယ် )

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် အတွက် ကိုယ်ပိုင် အလေ့အထ ရိုးရာများ ရှိလေ့ရှိပါသည်။ ထိုနိုင်ငံများထဲမှာ နိုင်ငံ ၁၅ ခုရဲ့ အ၀လွန်ခြင်းကို ကာကွယ်နည်းနှင့် ကိုယ်အလေးချိန် လျှော့ချနည်းများကို ဖော်ပြလိုက်ပါသည်။

၁။ ထိုင်း ဟင်းလျာတွင် ငရုတ်သီးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ငရုတ်သီးကို စားလိုက်ပါက ဖြစ်ပေါ်လာသောအပူသည် ဇီဝဖြစ်စဉ်ကို မြန်စေသည်။ ထို့အပြင် စပ်သောကြောင့် အစာစားသောနှုန်းထား နှေးသွားသည်။ အမေရိကန်တို့သည် အစာစား အရမ်းမြန်ကြသည်။ ထို့ကြောင့် သူတို့ဗိုက်ဝသောအချိန်တွင် လူက အလိုလိုနေရင်း အများကြီး စားမိနေပြီ ဖြစ်သည်။ ငရုတ်သီးစားပြီး အစာနှေးနှေးစားပါက ဗိုက်ပြည့်လွယ်သောကြောင့် အများကြီးမစားဖြစ်တော့ပေ။ (ထိုင်း နည်းလမ်း)


၂။ ဆီဖြင့်ကြော်ထားသော အာလူးကြော် အစရှိသည့် အစာများကို လျော့စားပါ။ ဆီအများစုသည် မည်မျှပင်သန့်စေကာမူ ကြော်လိုက်ပါက ပြည့်ဝဆီအဖြစ်သို့ ပြောင်းလဲသွားသည်သာ ဖြစ်သည်။ ထို့ပြင် အကြော်အများစုသည် ဆီဟောင်းများဖြင့် ကြော်သဖြင့် ပိုဆိုးပါသည်။ ထို့ကြောင့် ရှောင်နိုင်က အကောင်းဆုံး ဖြစ်ပါသည်။ (UK နည်းလမ်း)


၃။ နံနက်စာကို ဘိုစာတွေ ပေါင်မုန့်တွေ ယိုတွေ ကိတ်မုန့်တွေ စားမည့်အစား ထမင်းကြမ်းနှင့် ပဲကတ္တီပါကို နယ်ပြီး စားပါက အ၀လွန်ခြင်းကို ကာကွယ်နိုင်ပါသည်။ နေတိုင်းတော့ မည်သူမျှ မစားနိုင်ပါ။ သို့သော် ၀ိတ်ချသူများအတွက်တော့ ဆေးသောက်စရာမလိုသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
(Brazil နည်းလမ်း)


၎။ မူဆလင်ဘာသာဝင်တို့သည် ဥပုဒ်စောင့်သည့်အခါ မည့်သည့်အစာနှင့်ရေကိုမျှ မသောက်မစားဘဲ ဥပုဒ်စောင့်ကြသည်။ အင်ဒိုနီးရှားတွင်မူ ထမင်းနှင့် ရေကို သောက်လို့ရသည်။ ထိုသို့သောနည်းလမ်းဖြင့် ၀ိတ်လျော့ခြင်းကို ပညာရှင်တို့က အားမပေးသော်လည်း ရံဖန်ရံခါသုံးသင့်သည်ဟု အကြံပေးပါသည်။ (Indonesia နည်းလမ်း)


၅။ ပိုလန်းလူမျိုးတို့သည် သူတို့ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကိုသာ အိပ်ပြင်ပတွင် စားသောက်ခြင်းအတွက် အသုံးပြုကြသည်။ အမေရိကန်တွေကတော့ ၃၇ ရာခိုင်နှုန်းမျှ အသုံးပြုကြသည်။ သုတေသနပြုချက်အရ ပြင်ပတွင် အစာစားလေ့ရှိသူများသည် ကျန်းမာရေးနှင့် မညီညွတ်သည့် အစာများကို ပိုမိုစားလေ့ရှိပြီး ပိုမို၍လည်း ၀ သည်ကို တွေ့ရပါသည်။ အမေရိကန်တွင်အိမ်မှာ မိသားစု စုံညီထမင်းပွဲများ နည်းပါးလာသည်နှင့်အမျှ အ၀လွန်ရောဂါများလည်း တိုးပွားလာပါသည်။ (Poland နည်းလမ်း)


၆။ ဂျာမနီ လူမျိုး ၇၅ ရာခိုင်နှုန်းသည် နေ့စဉ် နံနက်စာကို ပုံမှန်စားသုံးပါသည်။ အမေ၇ိကန်တို့က ၄၄ ရာခိုင်နှုန်းသာ စားသုံးကြသည်။ သူတို့က အသားညှပ် ပေါင်မုန့်တွေ မစား၊ အသီးအနှံနှင့်ကွေကာအုပ်တို့ကို စားခြင်း ဖြစ်ပါသည်။ သိပ္ပံပညာရှင်များက နံနက်စာ၏အရေးကြီးမှုကို ပြောကြားခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း လိုက်နာသူနည်းပါးလှပါသည်။ နံနက်စာ မစားပါက နေ့လည်စာကို များစွာ စားသုံးတတ်သည်။ထိုအခါ ၀ လာလိမ့်မည်။ (Germany နည်းလမ်း)


၇။ Holland တွင် လူဦးရေ ၁၆ သန်း၌ စက်ဘီး ၁၈ သန်းရှိပါသည်။ Dutch များသည် အလုပ်သွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကိုပင် စက်ဘီးစီးကာ သွားကြသည်။ မီးပွိင့်များကလည်း စက်ဘီး၏ အရှိန်ဖြင့် တွက်ချက်ကာညှိထားကြသည်။ ကိုယ်အလေးချိန် ထိန်းသိမ်းရန် အလွန်ကောင်းသောနည်းလမ်းဖြစ်ပါသည်။ (Holland နည်းလမ်း)


၈။ မဆလာသည် မလေးရှား နှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် အသုံးများသော ဟင်းခက်အမွှေးအကြိုင်တစ်ခု ဖြစ်ပါသည်။ ၎င်းတွင် curcumin ဆိုသည့် ဓာတ်တစ်မျိုး ပါဝင်ပါသည်။ ကြွက်များတွင်စမ်းသပ်ကြည့်သောအခါ မဆလာ စားသည့်ကြွက်များသည် မစားသည့်ကြွက်များထက်ပိန်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် ပိန်လိုပါက မဆလာကို အသုံးပြုသင့်သည်။ (Malaysia နည်းလမ်း)


၉။ တောင်အာဖရိကမှာ rooibos ဆိုသည့် လက်ဖက်ရည်တစ်မျိုးကို နေရာတိုင်းတွင် ရနိုင်ပါသည်။ သဘာဝအချိုဓာတ်ရှိပြီး သကြားမလိုပါ။ အမေရိကတွင် ထိုလက်ဖက်ရည်ကြမ်းကို Frappuccino အစားထိုး အဖြစ်သောက်ကြသည်။ နေ့စဉ် သောက်နေကြသည့် လက်ဖက်ရည်နှင့် ကော်ဖီ အစားလက်ဖက်ရည်ကြမ်းကို အစားထိုးသောက်ပါက ကိုယ်အလေးချိန်ကျလာမည်မှာ အမှန်ပင်ဖြစ်သည်။ (South Africa နည်းလမ်း)


၁၀။ နော်ဝေတွင် မိသားစုမျာသည် sunday တိုင်း တောင်တက်ခြင်း စကိတ်စီးခြင်းတို့ကို ပြုလုပ်ကြသည်။ သူတို့ကဲ့သို့ ပြုလုပ်ပါက ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။ (Norwayနည်းလမ်း)


၁၁။ ယောဂကျင့်ခြင်းသည် စိတ်ဖိစီးမှုလျော့စေပြီး စိတ်ဓာတ်ခွန်အား တိုးစေသည်ကို လူအများစု သိကြပါသည်။ လူသိနည်းသော အချက်တစ်ချက်မှာ ကိုယ်အလေးချိန်ကိုလည်း ကျစေခြင်းဖြစ်ပါသည်။ ဖြစ်နိုင်သော အကြောင်းပြချက်မှာ ယောဂ ကျင့်ပါကဗိုက်ချောင်ချိန်တွင် ကျင့်ရပြီး မိမိ၏ အနေအထားအပေါ်မူတည်၍ ကြွက်သားများကိုသန်မာအောင် လေ့ကျင့်လို့ရပါတယ်။ သတိလည်း ပိုမိုကောင်းမွန်လာသောကြောင့် အစာကို အလွန်အကျွံ မစားမိတော့ပေ။ (India နည်းလမ်း)


၁၂။ ဂျပန်တွင် လူအများစုသည် နေ့ခါ၌ မိနစ် ၂၀ ခန့် အိပ်လေ့ရှိသည်။ အလုပ်ပင်ပန်းပြီး ကာလကြာရှည် အိပ်ရေးပျက်ခြင်းကို ကာကွယ်ရန် အတွက် ဖြစ်ပါသည်။ ထိုသို့ အိပ်ပျော်ပါက သွေးထဲမှ leptin hormone level တက်လာသည်။ အဆိုပါ ဟော်မုန်းသည် ဗိုက်ပြည့်ခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် အလွန်အကျွံ အိမ်ခြင်းသည် အ၀လွန်စေသော်လည်း လုံလောက်သည်အထိသာ အိပ်ပါက အ၀လွန်ခြင်းကို ကာကွယ်နိုင်ပါသည်။ (Japan နည်းလမ်း)


၁၃။ Mexican လူမျိုးများသည် ညနေစာကို ၂ နာရီနှင့် ၄ နာရီ အကြားတွင် စားလေ့ရှိသည်။ ထိုသို့စားပါက ညဘက်တွင် ဗိုက်ဆာပြီး နံနက်စာ စောစော ထစားဖြစ်သည်။ နံနက်စောစောပါ ထဖြစ်သောကြောင့်အိပ်ချိန်ကို ကန့်သတ်ပြီးသား ဖြစ်သွားသည်။ ထို့ကြောင့် ကျန်းမာလိုပါကညစာကို နည်းနည်းသာစားပြီး နံနက်စာနှင့် နေ့လည်စာကို များများစားရန်ဖြစ်သည်။ (Mexico နည်းလမ်း)


၁၄။ ပြင်သစ်လူမျိုးအများစုသည် မိသားစုညစာကို အချိန်ကြာကြာယူကာ စားလေ့ရှိပြီး ထိုအချိန်တွင် စကားများများ ပြောလေ့ရှိသည်။ စကားပြောနေပါက အစာစားနှုန်းနှေးသွားပြီး ဗိုက်ပြည့်လွယ်သည်။ (France နည်းလမ်း)


၁၅။ ငါးများများစားခြင်းသည် ဂျပန်လူမျိုးများနှင့် Dutch လူမျိုးများ ၏ ဓလေ့တစ်ခုဖြစ်ပါသည်။ ငါးတွင် ပါဝင်သော omega 3 fatty acid များသည် သွေးအတွင်းရှိ ၀ခြင်းကို ဖြစ်စေသော cortisol ဟော်မုန်းကို ကျစေသည်။ ငါးသည် ဗိုက်ကို ပိုပြည့်စေပြီး ကယ်လိုရီပါဝင်မှု နည်းသောကြောင့် အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သည်။ (Holland and Japan နည်းလမ်း)

မူရင်းရေးသားသူ ။   ။ ဇီဝက (ဆေး-၂)

အထက်ပါ ဖော်ပြထားသော နိုင်ငံအလိုက် ကျန်းမာရေးနည်းလမ်းများ ကျင့်သုံးနိုင်ပြီး လူသားတိုင်း သက်ရှည်ကျန်းမာ အလှတိုးကြပါစေ.......

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

12 comments:

ဆောင်းနှင်းရွက် said...

ဗဟုသုတ လာဖတ်သွားတယ် ...>>

ရန်ကုန် မှာ မနက်တိုင်း
အမေလုပ်ကျွေးတဲ့ ထမင်းနဲ့ ပဲပြုတ် တောင်
သတိရမိတယ် ..

ခရေညို said...

ညီမလေးဝိုင်း ပျောက်ချက်သားကောင်းလှချည်လား?
ပိန်စေတဲ့နည်းလမ်းလေးတွေအတွက်ကျေးဇူးပါကွယ်

Nge Naing said...

အစ်မ ၀ိတ်လျှော့ရင်တော့ ဟင်းသီးဟင်းရွက်ကိုပဲ များများစားပြီး ကာဗွန်ဟိုက်ဒရိတ်လို့ခေါ်တဲ့ ထမင်းတို့ မုန့်တို့ကို နည်းနည်းပဲစားတယ်။ မနက်ဘက်နဲ့ နေ့လည်ဘက် မှာ စားချင်သလောက်စားပြီး ည ၆ နာရီနောက်ပိုင်း ရေပဲသောက်တော့တယ်။ ဗိုက်ဆာလွန်းရင်တော့ ခရမ်းချဉ်သီးလို သခွားသီးလို သိပ်မချိုတဲ့ အသီးနှံတခုခုစားတယ်။ ၀ိတ်လျှော့တာ မခက်ပါဘူး အစားလျှော့ဖို့ပဲ လိုပါတယ်။

SHWE ZIN U said...

ကျေးဇူးတင်ပါတယ် ပိန်ချင်နေတာနဲ့ အတော်ပဲ
ကျင့်လိုက်အုံးမယ်

Welcome said...

ယာခင်းထဲဆင်းလိုက်၊ ငါးမွေးလိုက်၊ ပေါင်မုန့်ဖုတ်လိုက်နဲ့မို့ သီးသန့် ၀ိတ်ချစရာ မရှိတော့ ပါဘူး။ ရှယ်ပေးလို့ ကျေးဇူး

သုခုမလေဒီ said...

နည်းလမ်းတွေအများကြီးမို့ဘယ်နည်းလမ်းကိုသုံးရင်ကောင်းမလဲ စဉ်းစားလိုက်အုံးမယ်။း))

Flower said...

ဝိုင်းရေ
ဝိတ်လျှော့နေလို့များ အကြာကြီးပျောက်နေတာလား..
ဒီနည်းလမ်းတွေက ၀ိုင်းကိုယ်တိုင် သုံးခဲ့တာတွေလား..
တို့လဲ ၀ိတ်လျှော့မလို့ စဉ်းစားနေတာ အတော်ဘဲ..
ဖတ်သွားတယ်နော..

Anonymous said...

မ၀ိုင်းရေ

အဲဒီ post လေးက ကျွန်တော်ရေးထားတဲ့ စာလေးမို့လို့ အောက်မှာ စာရေးသူနာမည် ထည့်ပေးစေချင်ပါတယ်။ ကျေးဇူးပါ။

လင်းကြယ်ဖြူ said...

ဒီလိုဆိုတော့လည်း
ဒီနေ့ကစပြီး ၀ိတ်လျော့ကြည့်ဦးမှ..အဲ
ခုမှကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့ ...
တော်တော်ကို မ၀ တဲ့ ကိုယ်ပါလား..း )
မှတ်သားထားပါတယ်
ပျော်ပါစေ
*.*.*

စည်သူ said...

အင်း..
ဗဟုသုတတွေ ရသွားတယ် ဝိုင်းရေ..

ဖော်ပြမှုအတွက် ကျေးဇူးအထူးတင်ပါတယ်

ခင်မင်စွာဖြင့်
စည်သူ

may16 said...

လျှော့မယ် (စိတ်ကူးနဲ့)
ဖော်ပြပေးတာ ကျေးဇူးပါ ၀ိုင်းရေ

noblemoe said...

ဟုတ် မှတ်သားသွားပါတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်