24 September, 2009

ထင်းခုတ်သမားနှစ်ဦး

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။


နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်

ဆရာတော် အရှင်နာယကာလင်္ကာရ(မနက်ဖြန်) ရဲ့ အသိပညာပေး ပုံပြင်လေးတစ်ပုဒ်ပါ။ လူတိုင်း မှတ်သား နာယူသင့်တဲ့ ပညာပေးလေးတစ်ခုဖြစ်လို့ ဒီပို့စ်လေးမှတဆင့် အားလုံးကို မျှဝေပေးလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျက်

9 comments:

kiki said...

ဟုတ်တယ်နော် ..
အလုပ်တခုကို ရှေးဟောင်းသမရိုးကျ ကြီး အတိုင်း လုပ်နေရုံနဲ့  သိပ်မတိုးတက်နိုင်ဘူး ။
သူနဲ့ သက်ဆိုင်တဲ့  ဆန်းသစ်တီထွင်မှုများကို အစဉ်ရှာကြံ အားထုတ်နေနိုင်မှ ပိုပြီး ပိုပြီး တိုးတက်လာနိုင်တာ လေ ..

အတွေးသစ် အတွေးကောင်းလေး ပေးနိုင်တဲ့ ပို့ စ်လေးပါ ..
မှတ်သားသွားပါတယ် ..

သံလွင် HeRo said...

ပြောင်းလဲတိုးတက်နေတဲ့လောကကြီးမှာ
သူများတွေထက်မကျော်နိုင်သေးပေမဲ့
သူတို့ထက်မနိမ့်အောင်တော့နေနိုင်ဖို့အရေး
ကြီးတယ်ဆိုတာ ဒီသာဓကလေးကိုဖတ်ပြီးရသွား
တဲ့အသိလေးပါ...ကျေးဇူးပဲမဝိုင်းရေ...

flowerpoem said...

အရမ်းကောင်းတဲ့ပို့စ်လေးပါ ညီမလေးရေ ကျေးဇူးတင်ပါတယ်..

Anonymous said...

သိပြီးသားပုံပြင်လေးဆိုပေမဲ့ မေ့နေတာကြာပြီ။
ပြန်ပြီးသတိပေးလိုက်သလိုပဲဗျာ.. ကျေးဇူးပဲ။

သုဒြေ္န said...

သိပ်ကောင်းတဲ့ ပညာပေးလေး လူတိုင်းလူတိုင်း ကျင့် သုံးသင့် တယ် မဟူတ်ရင်တော့  ဆင်ကန်းတောတိုးအဖြစ်မျိုးနဲ့  ကြုံရမှာသေချာတယ် အချိန်ကုန်လူပန်း အဖြစ်မှအားလုံးကျော်ဖြတ် နိုင်ပါစေ လို့ ဆန္ဒပြုရင်း ခင်တတ်တဲ့  သုဒြေ္န

လင်းကြယ်ဖြူ said...

ဖတ်ဖူးခဲ့ပေမယ့် ..အခုလို ဆန်းသစ် ပြီး တဖန်ပြန်
တင်ပြလိုက်တော့လည်း ..သတိပေးလိုက်သလိုပါပဲ..
ဟုတ်တယ်..မှတ်သားထားလိုက်ပါတယ်ခင်ဗျာ..
အမြဲတန်းကို နည်းလမ်းဖွေရှာ ကြိုးစားနေရမယ့် ခေတ်ကို
ရောက်နေပါလားဆိုတာကို သတိထားမိလာပါတယ်..
ပျော်ပါစေခင်ဗျာ

ခရေညို said...

ညီမလေး ဝိုင်းရေ
ဟုတ်တယ်နော် အရာရာမှာ စဉ်းစား တွေးခေါ်တက်ဖို့ကအဓိကပဲနော် ဒီစာလေးအတွက်ကျေးဇူးပဲနော် မှတ်သားထားပါမယ်

Anonymous said...

မှတ်သား စရာပါပဲဗျာ...။

Anonymous said...

ဖတ်,မှတ်သွားပါတယ်ဝိုင်းလေးရေ

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်