2

How to make hot ice

မကြည့်ဖူးသေးတဲ့သူများအတွက်နော်။ ကြည့်ပြီးသွားရင် လက်တွေ့ မစမ်းသပ်ကြည့်ချင်ဘူးလား ?



http://www.youtube.com/watch?v=aC-KOYQsIvU&feature=player_embedded

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

87

မိမိဘလော့က Comments တွေကို အီးမေးလ်ကနေ ဖတ်ချင်ရင်

ဘလော့ကနေ လာလည်တဲ့ သူငယ်ချင်းတွေ ပေးခဲ့တဲ့ Comments တွေ ဖတ်ပုံဖတ်နည်းတွေ အမျိုးမျိုးရှိပါတယ်

ပထမတစ်နည်းက - Comments moderation ဆိုတဲ့နေရာမှာ Always ဆိုတာကို ရွေးထားမယ် ဒါဆိုရင် ဘလော့ရေးတဲ့သူ ကိုယ်ကိုယ်တိုင်က Approve ပေးလိုက်တော့မှာ ဘလော့မှာ ပေါ်နေမှာပါ

နောက်တစ်နည်း - Add a Gadget > Feed > Configure Feed>Feed URL မှာ(example: http://waing09.blogspot.com/feeds/comments/default ) အဲ့ဒီလို လင့်ထည့် ပြီးရင် Continue ကိုရွေး၊ အဲ့ဒီမှာ Title, Show ဆိုတဲ့နေရာတွေမှာ မိမိကြိုက်နှစ်သက်တဲ့ စာသားနဲ့ ကွန်းမန့်အရေအတွက်ကို ထည့်ရတယ် Item date, Item sources/ authors ဆိုတဲ့ check box တွေလည်း ကလစ်နှိပ်ပြီး ရွေးထားလို့ရပါတယ်

အခုတင်ပြမှာက နောက်တစ်နည်းပါ

အဆင့်(၁)။   ။ အရင်ဆုံး မိမိဘလော့ကို Sign in ၀င်လိုက်ပါ

အဆင့်(၂)။   ။ Settings tab > Comments > Comments Notification Email ဆိုတဲ့နေရာမှာ မိမိရဲ့ အီးမေးလ်လိပ်စာကို ရိုက်ထည့်၊ ပြီးရင် Save Settings နဲ့ သိမ်းလိုက်ရုံပါပဲ 

သိမ်းပြီးသွားပြီဆိုရင် မိမိဘလော့ဆီလာလည်တဲ့ သူငယ်ချင်းတွေရဲ့ Comments တွေကို မိမိရဲ့ ဘလော့ဖွင့်စရာမလိုပဲ အီးမေးလ်ကနေတဆင့် ဖတ်လို့ရပြီပေါ့

လွယ်တယ်ဟုတ်..... နောက်ထပ်နည်းတွေလည်း ရှိပါသေးတယ် ဒီနည်းကတော့ မသိကြသေးတဲ့သူတွေ၊ မလုပ်ရသေးတဲ့သူတွေအတွက် ရေးသားလိုက်ရခြင်းဖြစ်ပါတယ် ကဲ..သိသွားပြီဆိုရင် အခုကတည်းက လုပ်ထားလိုက်ပေတော့နော်...

Ref : kp-3 မိသားစုဘလော့ ကနေတဆင့် မျှဝေခြင်းပါ။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

11

Kuala Lumpur (K.L. ကွာလာလမ်ပူ ခရီးစဉ်) Last day


တတိယနေ့မနက်၇နာရီအချိန် first world hotel မှာပဲ မနက်စာ စားခဲ့တယ်။


Hotel Reception


မနက်အစောကြီး ထတာတောင် မနက်စာစားတဲ့ သူတွေက အများကြီးပဲလေ ၀ိုင်းတို့လည်း မြန်မြန်စားပြီး ထွက်လာခဲ့လိုက်တယ်။


စားပြီးလို့ အပြင်ထွက်တော့ အခုလို နိုင်ငံအလိုက် ပစ္စည်းအစုံ အမှတ်တရပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေဖွင့်နေတာနဲ့ နာရီဝက်လောက် ၀င်ကြည့်ဖြစ်လိုက်တယ် နိုင်ငံတွေကတော့ အစုံပါပဲ မလေးရှား၊ ထိုင်ဝမ် ၊ထိုင်း ၊ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယစတဲ့ နိုင်ငံ အသီးသီးရဲ့ ထင်ရှားကျော်ကြားတဲ့ နေရာကပုံတွေနဲ့ ရိုးရာဓလေ့ဝတ်စုံတွေ၊ အသုံးအဆောင်ပစ္စည်းတချိွု့ ရောင်းချတာတွေ့ခဲ့ရတယ်

 




 


 


 




ပြီးတော့ ဟိုတယ်ကနေ check out လုပ်ပြီးထွက်လာလိုက်တယ် သူတို့ပေးတဲ့ အခန်းသော့ကဒ်တွေကို ပြန်ပေးခဲ့ဖို့မလိုပါဘူး အမှတ်တရအနေနဲ့ သိမ်းထားလိုက်တယ် ဟိုတယ်က အထွက်မှာ မနေ့ညတုန်းက မိုးရွာနေတာနဲ့ အပြင်ဘက်ထွက်ပြီး မစီးလိုက်ရတဲ့ roller coaster တွေပါ မနက်ကျမှပဲ အခုလို ရှင်းရှင်းလင်းလင်းကြီး တွေ့ခဲ့ရတာလေ (နောက်တစ်ခေါက်ရောက်မှပဲ တ၀ကြီးစီးဖြစ်မယ်ထင်ပါတယ်)


တောင်အောက်ကို ဆင်းပါပြီ ပတ်ဝန်းကျင်မှာတော့ မြူတွေဆိုင်းနေလို့ ကားတောင် ဖြည်းဖြည်းပဲ မောင်းရပါတယ် ကားပေါ်မှာ tour guide က စကားစမြည်ပြောပါတယ် casino ထဲ ၀င်ပြီး ကစားခဲ့ကြသေးလား နိုင်လား ဘာလားပေါ့ သူက ပြောဖို့မေ့နေတယ်တဲ့ တကယ်လို့ casino ထဲဝင်တဲ့အခါကျရင် တစ်ယောက်နဲ့ တစ်ယောက် ပခုံးချင်း မထိထားရဘူးတဲ့ ထိမိတဲ့အခါ ကိုယ့်မှာရှိတဲ့ ကောင်းနေတဲ့လာဘ်တွေ ပိတ်စေတယ်တဲ့လေ မသွားခင်ကတော့ စောစောမပြောမိလို့ အခုမှ သတိရပြီး ပြောမိတာတဲ့း-( ၀ိုင်းတို့ အဲ့ဒီထဲ ၀င်တုန်းကဆို လူတွေ အရမ်းများလွန်းလို့ တစ်ယောက်နဲ့တစ်ယောက်တောင် မခွါဘဲ နီးနီးကပ်ကပ်နေခဲ့ကြတာ လူပျောက်မှာစိုးလို့လေ နောက်ထပ် အဲ့ဒီနေရာကို ရောက်မယ့်သူတွေ၊ သွားမယ့်သူတွေများ ရှိခဲ့ရင် ကြိုတင်ပြီး သတိထားသွားကြဖို့ မှာလိုက်ပါရစေ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွါခွါလေးနေဖို့ပါပဲး))


တောင်အောက်ရောက်တော့ K.L မြို့ကိုဖြတ်ပြီး malacca မြို့ကို ခရီးနှင်ခဲ့ကြတယ်။ မလက္ကာမြို့ဟာ Perlis နဲ့ Penang ပြီးရင် မလေးရှားနိုင်ငံ ရဲ့ တတိယ အကြီးဆုံးနေရာဖြစ်ပါတယ်။ မလေးကျွန်းဆွယ်ရဲ့ တောင်ဘက်၊ မလက္ကာ ရေလက်ကြားပေါ်မှာ တည်ရှိပြီး နိုင်ငံရဲ့ သမိုင်းဝင်မြို့တော်ဟောင်းတစ်ခုဖြစ်တယ်လို့ သိရတယ် K.L မြို့တော်ရဲ့ တောင်ဘက် 148 ကီလိုမီတာ ဆိုရင် ရောက်ပါပြီ အဲ့ဒီမြို့မှာနေထိုင်သူပေါင်းကတော့ ၂၀၀၇ခုနှစ် စစ်တမ်းအရ ခန့်မှန်းခြေ ၇သိန်း၎သောင်း၉ထောင်နေထိုင်ကြပါတယ် မလေးလူမျိုး 57% ၊ တရုတ်လူမျိုး 32% ၊ အိန္ဒိယလူမျိုး၊ ဒတ်ရှ်လူမျိုး၊ ပေါ်တူဂီလူမျိုး အနည်းစုနေထိုင်ရာ နေရာလည်းဖြစ်တယ် ဒါတွေကတော့ မြို့ထဲအ၀င် ကားနဲ့ဖြတ်သွားခဲ့တဲ့ နေရာတွေပါ


လမ်းတ၀က်ရောက်တော့ မလက္ကာမြို့ရဲ့ ထင်ရှားတဲ့နေရာဖြစ်တဲ့ The World's Bees Museum ကို ၀င်ကြည့်ခဲ့ကြတယ်။


အဲ့ဒီထဲရောက်တာနဲ့ ပျားရည်တွေ အမြည်းတိုက်တယ် (ဓါတ်ပုံလိုက်ရိုက်နေတာနဲ့တင် မမြည်းခဲ့လိုက်ရဘူး)



 
Honey's Twin Towers

 
ပျားဘုရင်မ (သူမရဲ့ ၀မ်းဗိုက်ထဲက ထွက်တဲ့ အ၀ါရောင် ပျားရည်တွေဟာ တန်ဖိုးကြီးပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေတယ် ဆိုပါတယ် )

 

 
ပျားဖြစ်ပေါ်လာပုံ အဆင့်ဆင့်

 
ပျားမွေးမြူပုံတွေကို အခုလို ဆိုင်က၀န်ထမ်းက အသေးစိတ်လိုက်လံရှင်းပြနေတာပါ

 

 


 
အခုလို ဘူးတွေထဲမှာ ပျားတွေ နေထိုင်ပုံ (အရဲစွန့်ပြီး သူအဖုံးဖွင့်ပြတုန်း အနားကပ်ပြီး သွားရိုက်ထားတာ)

အဲ့ဒီကနေ ထွက်ခွါလာပြီးနောက်ပိုင်း နေ့လည်စာကို ဆိုင်တစ်ဆိုင်မှာ ၀င်စားတယ် မလက္ကာမြို့ရဲ့ အဓိက အစားအစာဖြစ်တဲ့ peranakan ဆိုတာ ပါတယ်။ အဲ့ဒီက ဟင်းတွေက မြန်မာအစားအစာတွေနဲ့ နည်းနည်းဆင်ပါတယ်။ စပ်တာတွေ ပါတော့ စားပွဲဝိုင်းမှာ အတူတူစားခဲ့ကြတဲ့ စင်ကာပူရီယမ်တွေကတော့ မစားနိုင်ဘူးလေ ကိုယ်တွေကတော့ စပ်လေ ပိုအရသာ ရှိလေ ပိုစားကောင်းလေလို့ ထင်ပါတယ်း))
 

 
 
 
 

 
ဒါတွေကတော့ လမ်းတစ်လျှောက် မြင်ခဲ့ရတဲ့ နေရာတွေပါ တိရစ္ဆာန်ရုံ၊ အမြင့်ကြီးထိ စီးလို့၇တဲ့ Menera Taming Sari မျှော်စင်ကြီး (လူအရမ်းများပြီး ကားရပ်ဖို့တောင် နေရာမရှိလို့ ကားကိုဖြည်းဖြည်းမောင်းပြီးပဲ ကြည့်ခဲ့ရတာတွေ) ၊ shopping mall၊ hotel equatorial အစရှိသဖြင့်ပေါ့ နောက်ဆုံးမှာ ရှေးခေတ်က လူတွေသေခဲ့တဲ့ သချိုံင်းလိုနေခဲ့တဲ့ မြေနေရာတွေပါ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်လို့ အဲ့ဒီဂူတွေကို ဘယ်သူတွေမှ လာရောက် ကန်တော့ ရှင်းလင်းပေးခြင်းမျိုး မရှိတော့ဘူး လို့ tour guide က ရှင်းပြတယ်

 
ဒီတရုတ်ဘုံကျောင်းကတော့ နောက်ဆုံးမှာ ၀င်ခဲ့တဲ့ နေရာမှာ ၁၀မိနစ်အချိန်သတ်မှတ်ထားတယ် အဲ့ဒီထဲရောက်တော့ ဘုရားရှိခိုး၊ အမွှေးတိုင်ထွန်း၊ စက္ကူမီးရှို့ခဲ့တယ် ပြီးတော့ ကျောင်းရဲ့ဘေးဘက်မှာ နတ်ရေတွင်း ၂တွင်းလည်းရှိသေးတယ်။ ဟန့်လိပေါင် (သို့) ဘုရင့်ရေတွင်းလို့ အမည်ရပါတယ် ဘယ်ဘက်အခြမ်းမှာ အသေးလေးရှိပြီးတော့ ညာဘက်မှာတော့ အခုလို ရေတွင်းကြီးတွေ့ရတယ် အဲ့ဒီရေတွင်းကို အရင်တုန်းက ဘုရင့်သမီးတော် နေ့စဉ်လိုအပ်တဲ့ရေသုံးဖို့ သုံးစွဲခဲ့တယ် တွင်းထဲက ရေတွေဟာ အမြဲတမ်းကြည်လင်ပြီး အေးမြနေတယ် တွင်းရေကို သောက်သုံးမိတဲ့ မည်သူမဆို မလက္ကာမြို့ကို နောက်တစ်ကြိမ်ရောက်ကို ရောက်လာရတယ်လို့ ကြားဖူးနားဝရှိတယ် ဆိုပါတယ် သက္ကရာဇ် ၁၅၅၅ခုနှစ်တုန်းက Johor က မလေးစစ်သည်တွေဟာ အဲ့ဒီရေတွင်းထဲကို အဆိပ်ခပ်ခဲ့ကြတယ်။ သူတို့ရဲ့ ရန်ဘက် ပေါ်တူဂီလူမျိုးတွေ သောက်သုံးမိလို့ အများအပြားသေဆုံးခဲ့ရတယ် ၁၆၀၆ခုနှစ်မှာလည်း ဒတ်ရှ်စစ်သားတွေဟာ တွင်းထဲကို အဆိပ်တွေ ထပ်မံခပ်ခဲ့ကြပြန်တယ် ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ ရန်သူတွေကို ချေမှုန်းဖယ်ရှားပစ်ချင်လို့ အခုလို လုပ်ဆောင်ခဲ့ကြတာတဲ့ အဲ့ဒီလိုနဲ့ ဒပ်ရှ်လူမျိုးတွေ မလက္ကာမြို့ကို အနိုင်ရသိမ်းပိုက်ပြီးနောက်ပိုင်း အဲ့ဒီ ရေတွင်းရဲ့ အသုံးဝင်ပုံကို သူတို့တွေ သိရှိသွားကြတယ်လေ အဲ့ဒါရေတွင်းကို နံရံတွေနဲ့ကာ ပြီးတော့ ဘေးပတ်ပတ်လည်မှာ အမြောက်တွေ အစောင့်တပ်တွေ အများကြီးနဲ့ ၀ိုင်းရံထားခဲ့ကြပါတယ် ဒါတွေကတော့ ရေတွင်းကြီးရဲ့ သမိုင်းနောက်ခံတချို့ပါ အခုလို ရေတွင်းကြီးဟာ ဆုတောင်းပြည့်ရေတွင်းတစ်ခုဖြစ်သလို အဲ့ဒီထဲ အကြွေစေ့တွေပစ်ပြီး ဆုတောင်းတဲ့အခါ မိမိရဲ့ဆုတောင်းတွေပြည့်တယ် ဆိုပါတယ် အခုအခါမှာ ရေတွင်းကြီးရဲ့ အ၀ကို အပေါ်ကနေ ဖုံးအုပ်ထားလိုက်ပါပြီ အရင်တုန်း ခေတ်လူငယ်တွေက ရေတွင်းကြီးနားမှာ စည်းကမ်းမဲ့ ဆော့ကစား၊ စားသောက်ပြီး အမှိုက်တွေ ၊ဗူးခွံတွေ အညစ်အကြေးတွေကို အဲ့ဒီထဲ စွန့်ပစ်ခဲ့လို့ နောက်ပိုင်း အခုလို ဖုံးအုပ်လိုက်ရခြင်းဖြစ်ပါတယ်

 

 

ရေတွင်းရဲ့ သမိုင်းကြောင်းပါ စာတွေဖတ်ချင်ရင်တော့ ပုံပေါ်ကလစ်နှိပ်ကြည့်လိုက်ပါ

အဲ့ဒီနေရာကနေ ထွက်ခွါလာပြီး စင်ကာပူနိုင်ငံထဲကို immigration အဆင့်ဆင့်ဖြတ်ပြီးနောက်ပိုင်း ည ၇နာရီ ၀န်းကျင်လောက်ရောက်ရှိခဲ့ပါတယ် အိမ်ပြန်ရောက်တော့ မနားနိုင်သေးဘဲ ၀ယ်လာခဲ့တဲ့ မုန့်တွေကို သူငယ်ချင်းတွေအတွက် လက်ဆောင်ပေးချင်လို့ ဓါတ်ပုံရိုက်ထားလိုက်တယ် Genting က ၀ယ်လာတဲ့ ချောကလက်တွေ၊ ယိုမျိုးစုံတွေရယ်၊ တောင်အဆင်းမှာ ၀င်ခဲ့တဲ့ မုန့်မျိုးစုံဆိုင်က မုန့်တွေပါလာတယ် အားလုံးအတွက် မလေးနိုင်ငံက အပြန်ခရီး လက်ဆောင်ပေါ့ ကြိုက်သလောက် ယူသွားနိုင်တယ်နော် အားမနာနဲ့း))



အခုရက်ပိုင်း အလုပ်ထဲမှာ အလုပ်တွေရှုပ်နေတာနဲ့ ခရီးစဉ်နောက်ဆုံးရက်အကြောင်းကို အခုမှပဲ တင်မိပါတယ် ရေးပြီးတာတော့ ကြာပါပြီ draft ထဲမှာပဲ ရှိသေးလို့ပါ သူငယ်ချင်းတို့ရဲ့ ဘလော့တွေလည်း အချိန်ရမှ လည်ပြီး ဖတ်နိုင်တော့မယ်ထင်ပါတယ်


၃ရက်တာ ခရီးစဉ်ဖြစ်လို့ ပထမရက်၊ ဒုတိယရက်က တင်ထားတဲ့ ပို့စ်တွေကို အဲ့ဒီလင့်တွေကနေတဆင့် ဖတ်လို့ရပါတယ် သွားခဲ့တဲ့ အချိန်က ခရစ်စမတ်ရက်နဲ့ ကပ်နေတာကြောင့် သွားတဲ့နေရာ၊ စားတဲ့နေရာ၊ လည်တဲ့ နေရာတိုင်း လူတွေစည်ကားနေတာပဲ ပြီးတော့ package နဲ့သွားခဲ့တာဖြစ်လို့ tour guide သတ်မှတ်ထားတဲ့ အချိန်အတွင်း လည်ခဲ့ရတာတွေဖြစ်လို့ ကွာလာလမ်ပူမြို့အနှံ့ သိပ်မစုံခဲ့ရဘူးလို့ ဆိုရမှာပါပဲ နောက်များ အခွင့်အရေးရခဲ့ရင် ဒီ့ထက်ပိုစုံပြီး ပိုကောင်းတဲ့ Plan တွေနဲ့ မြို့အနှံ့တွေရယ်၊  Gentingတွေထဲလည်း အနှံ့လည်ချင်ပါတယ် မလေးရှားရောက်တုန်း အတူတွေ့ဆုံခဲ့ပြီး အကူအညီတွေပေးခဲ့ဖူးတဲ့ ဘလော့ဂါတွေကိုလည်း ကျေးဇူးအထူးပင်တင်ပါကြောင်း ထပ်လောင်းပြောပါရစေ နောက်တစ်ခါလည်း ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။ အခုခရီးစဉ်ကတော့ ဒီလောက်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါပြီ ပို့စ် ၃ခုလုံးမှာ ရေးသားဖော်ပြမိခဲ့တဲ့ နောက်ခံ သမိုင်းအကြောင်းတွေ၊ ခရီးစဉ်အကြောင်းတွေမှာ အမှားအယွင်းတွေ ပါရှိခဲ့ရင၊် အချက်အလက်တွေ မပြည့်စုံသေးဘူးဆိုရင် ကွန်းမန့်မှာဖြစ်ဖြစ် ၊ စီဘောက်စ်မှာဖြစ်ဖြစ် အကြောင်းကြား ရေးပေးခဲ့ကြပါလို့ တောင်းဆိုပါရစေ ၀ိုင်းရဲ့ဘလော့ကို ဖတ်ရှုအားပေးနေကြတဲ့ သူငယ်ချင်း မောင်နှမတွေ အားလုံး၊ အီးမေးလ်ကတဆင့် ဖတ်ရှုနေသူအားလုံးကို အစဉ်အမြဲ ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း..

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

12

Kuala Lumpur (K.L. ကွာလာလမ်ပူ ခရီးစဉ်) 2nd day



ဒုတိယနေ့ မနက်ရောက်တယ်ဆိုရင်ပဲ  ဖုန်းက alarm မြည်လာတာနဲ့ အိပ်ချင်မူးတူးနဲ့ ထရတယ်။ ပြီးတော့ မနက်စာကို ဟိုတယ်မှာပဲ အခုလို စားခဲ့လိုက်တယ်



 

စားပြီးသောက်ပြီး ၈နာရီခွဲကနေ ဟိုတယ်မှာ check out လုပ်။ ပြီးတော့ K.L မြို့ထဲ တလျှောက်ကို ကားနဲ့ ပတ်ခဲ့ကြတယ်။ ဒါကတော့ K.L မြို့တော်ရဲ့ နာမည်ကြီးပြီး ထင်ရှားလှတဲ့ Petronas Twin Tower ပါ။ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတွေထဲက တစ်ခုအပါအ၀င်ပါပဲ။ ၁၉၉၂ခုနှစ်ကနေ  ၁၉၉၈ခုနှစ်အထိ ၇နှစ်တာ ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦပေါ့။ အထပ်ပေါင်း ၈၈ထပ်ရှိပြီး အမြင့် 378.6 မီတာ (1,242.1 ပေ) ထိ မြင့်တယ်။ ဓါတ်လှေကားအထပ်ပေါင်း မျှော်စင်၂ခုလုံးမှာ ၇၈ထပ်ထိရှိပါတယ်။ မျှော်စင်အကြောင်း အသေးစိတ်ကို ဒီနေရာ မှာ သွားရောက် ဖတ်ရှုလေ့လာနိုင်ပါသေးတယ်။ အဲ့ဒီမှာ ကားပေါ်ကနေ ခဏဆင်းပြီး အမှတ်တရဓါတ်ပုံတွေ ရိုက်ကြတယ်။ အဝေးကနေပဲ မြင်ခဲ့ရတဲ့ မျှော်စင်ကြီးလေ။

ဒါတွေကတော့ မျှော်စင်အနားမှာ ရှိတဲ့ အဆောက်အဦတွေပါ



 
အဲ့ဒီကနေ တဆင့် K.L ရဲ့ ထင်ရှားတဲ့ အပန်းဖြေနေရာတစ်ခုဖြစ်တဲ့ Sunway Lagoon နေရာကို ရောက်တယ်။ ၀င်ပေါက်နဲ့ အပြင်ဘက်ကနေ မြင်ခဲ့ရတဲ့ နေရာတွေပါ။
 
 

 

 

 

 

 

 

အဲ့ဒီထဲကို ၀င်မယ်ဆိုရင် 5 Parks ဖြစ်တဲ့ (Water Park, Amusement Park, Wildlife Park, Extreme Park & Scream Park) တွေကို Adult Ticket ဆို RM 90 နဲ့ Child Ticket ဆိုရင် RM 70 ပေးရတယ်။ တခြား 3 Parks၊ 2 Parks၊ Single Park တွေပဲဆိုရင်တော့ ၀င်ကြေးက တစ်ဈေးပါ။ အသေးစိတ်ကို ဒီမှာ ၀င်ကြည့်ပြီး လေ့လာလို့ရပါတယ်။ အထဲထိဝင်မယ်ဆိုရင် အနည်းဆုံး ၃နာရီလောက်ကြာမယ်လို့ tour guide က ပြောတော့ ကိုယ်တွေပဲ ၀င်ရင် သူများတွေ မ၀င်ဘဲ အပြင်က စောင့်နေရမှာလေ။ အဲ့ဒါနဲ့ ပါလာတဲ့သူတွေလည်း ဘယ်သူမှ မ၀င်ဘဲ အပြင်ကနေပဲ ပတ်ကြည့်ပြီး ပြန်လာရတယ်။ တကယ်လို့သာ အဲ့ဒီထဲ ၀င်ဖြစ်ခဲ့ရင် တော်တော်ပျော်ဖို့ကောင်းမှာအမှန်ပါ။ နောက်ထပ် သွားစရာနေရာတွေနဲ့ Genting ကို အချိန်စောစော ရောက်ချင်သူတွေ ပါနေတာကြောင့် ၁၀နာရီလောက်မှာ ထွက်ခွါလာခဲ့တယ်။နေ့လည် ၁၁နာရီမှာ နေ့လည်စာ စားရတယ်။ ပြီးရင် Batu Caves ကို သွားမှာဖြစ်ပြီး အဲ့ဒီနေရာမှာ စားသောက်ဆိုင်တွေ မရှိတာကြောင့် K.L မှာပဲ စောစောစားခဲ့လိုက်တယ်။ မနက်ပိုင်း ၇နာရီခွဲလောက်မှ စားထားတဲ့ မနက်စာတွေကြောင့် ဗိုက်သိပ်မဆာပဲ စားခဲ့ရတဲ့ နေ့လည်စာ စားသောက်ဆိုင်ပါ။

 

ကဲ.. Batu Caves ရောက်ပြီ လည်ပတ်ဖို့အချိန် နာရီဝက်ပဲရပါတယ် ကားပေါ်က သုတ်သုတ်ဆင်းပြီး လှိုဏ်ဂူဆီ ခြေလှမ်းသွက်သွက်လှမ်းနဲ့သွားလိုက်တယ်။ မလေးရှားနိုင်ငံ Selangor ပြည်နယ်၊ Gombak ဒေသမှာရှိတဲ့ Batu Caves ဟာ ထုံးကျောက်တောင်ဖြစ်ပြီး အဲ့ဒီထဲမှာ အိန္ဒိယလူမျိုးတွေ ကိုးကွယ်ပူဇော်ကြတဲ့ ဟိန္ဒူဘုရားကျောင်းတွေ ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

 




 

 
Lord Muruga အမည်ရှိတဲ့ ဘုရားရုပ်တုကြီးရဲ့ အမြင့် 42.7မီတာ (ပေ 140.09) မြင့်ပြီး ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီးတစ်ခုအဖြစ် အပါအ၀င်ပါ ရုပ်တုကြီးရဲ့ ကုန်ကျငွေက Rupees 24 million ရှိပြီး ကွန်ကရစ်ပေါင်း 1550 ကုဗမီတာ၊ စတီး 250 တန် နဲ့ ရွှေချိန် ၂၀၀ လီတာတို့ကိုအိမ်နီးချင်း ထိုင်းနိုင်ငံက ၀ယ်ယူကာ တည်ဆောက်လုပ်ထားခြင်းလို့ ဆိုပါတယ်။

 

 
 
လှေကားရင်းကနေ စတက်လာပြီး လှေကားတ၀က်လောက်ရောက်တော့ ခဏ အမောဖြေရင်း အနောက်ဖက်လှည့်ကြည့်လိုက်တော့ ဘုရားကြီးရဲ့ နောက်ဖက်ပုံတော်နဲ့ စင်္ကြန်လမ်း၊ ကားရပ်တဲ့နေရာတွေကို အပေါ်စီးကနေ လှမ်းမြင်ရတယ်

 
 လိုဏ်ဂူထိပ်ဝကိုရောက်သွားပါပြီ လှေကားအဆင့်စုစုပေါင်း ၂၇၂ ဆင့်ထိ ရှိပါတယ်။

 

 

 

 
လိုဏ်ဂူကြီးထဲ ရောက်သွားပြီဆိုရင် အထဲမှာ အဖြူရောင် ခိုဌက်တွေရယ် မျောက်တွေရယ် အများကြီးလို့ ပြောပါတယ်။ အဖြူရောင်ခိုဌက်တွေ အမြောက်ကျည်ဆံဗုံး ရန်ကနေ ကာကွယ်ဖို့ ဦးထုပ်ဆောင်းထားသင့်တယ်လို့ tour guide က သတိပေးလိုက်သေးတယ် တကယ်လည်း များပါတယ် မနည်းကို လွတ်အောင် ရှောင်ခဲ့ရတယ် သတ်မှတ်ထားတဲ့ အချိန်ကလည်း နာရီဝက်ပြည့်တော့မှာမို့ အထဲထိ သိပ်မ၀င်ပဲ အပြင်ကနေပဲ ဓါတ်ပုံလှမ်းရိုက်ပြီး ကြည့်ခဲ့လိုက်တယ်။

 
တောင်အောက်လည်းရောက်ရော အိန္ဒိယ မိသားစုတစ်စုက မွေးကာစ ကလေးလေးကို နတ်လာပြတာနဲ့ တွေ့ခဲ့ပါတယ် အမေက အရှေ့နေပြီး အဖေက နောက်ကလိုက်ကာ ကြံချောင်းနဲ့ ကလေးပုခက်လုပ်ပြီး တောင်ပေါ်ကို တက်သွားတာ တွေ့လိုက်ရသေးတယ်

 

 

အဲ့ဒီကနေတဆင့် ကားပေါ်မတက်မီ တောင်အနားမှာရှိတဲ့ အုန်းသီးရောင်းတဲ့ ဆိုင်မှာ အမောပြေ အုန်းရည် အေးအေးသောက်ခဲ့သေးတယ်း)) ပြီးတော့ Genting တောင်ဆီကို ပြန်သွားကြတယ်။  တောင်ရဲ့ လမ်းတ၀က်ရောက်တော့ ချောကလက်ဆိုင်တစ်ဆိုင်မှာ အိမ်ပြန်လက်ဆောင်ဝယ်ဖို့အတွက် ဆင်းဝယ်ခဲ့ကြသေးတယ်။

 

 

 
 

 
ဒါကတော့ ချောကလက်တွေနဲ့ဆောက်ထားတဲ့ အိမ်ပါ

 
ဝယ်ပြီး ကားပေါ်တက်တော့ ၀ယ်လာတဲ့ ချောကလက်တွေစားချင်လာတာနဲ့ တစ်ထုပ်ဖောက်စားမိတယ် မစားခင် ပါကင်ထုပ်လေးသဘောကျလို့ ဓါတ်ပုံရိုက်ထားမိသေးတယ် စားလို့ကောင်းမှကောင်းပဲ :P

 
အဲ့ဒီကနေ Genting ကိုရောက်သွားတော့ First World ဟိုတယ်မှာ check in လုပ်တာ ခဏပဲစောင့်လိုက်ရတယ် အပြင်ဘက်မှာတော့ မြူတွေကဆိုင်းနေတဲ့အပြင် မိုးပါ ရွာနေတာကြောင့် ကစားကွင်းဘက်တောင် မရောက်ဘဲ First World Plaza အနားဝန်းကျင်မှာပဲ လျှောက်ကြည့်ခဲ့တယ်။ ဒါတွေကတော့ ခရစ်စမတ်အတွက် အထူးပြုလုပ်ထားတဲ့ မီးလုံးအလှဆင်ချက်တွေပါ ဓါတ်ပုံရိုက်လို့ အရမ်းကောင်းတဲ့ နေရာတွေပဲလေ

 

 

 

 

 

 




 

 
လျှောက်ကြည့်ရင်း ဗိုက်ဆာလာတာနဲ့ ညစာကို food court မှာပဲ စားခဲ့လိုက်တယ်

 

စားပြီးတော့ အဲ့ဒီထဲမှာရှိတဲ့ နာမည်ကြီး casino ထဲ ၀င်ပြီး ကစားခဲ့သေးတယ်။ ၀င်လိုက်တာနဲ့ အရင်ဆုံး ရှူမိတာက ဆေးလိပ်နံ့တွေ ပြီးတော့ ကြိုက်တဲ့နေရာမှာ ၀င်ကစားလို့ရတယ်။ တစ်နေရာဝင် တစ်နေရာထွက်လျှောက်ကြည့်ရင်းနဲ့ money wheel နေရာရောက်တော့ နည်းနည်းလောက် လက်တည့်စမ်းမိတယ်လေ။ အနည်းဆုံး လောင်းကြေးငွေ ၁၀ကနေစတယ်။ ၅၀ဖိုး အရင်စမ်းကြည့်တယ်လေ။ ကစားပုံက spin wheel နဲ့ လှည့်လိုက်တဲ့အခါမှာ မလေးငွေဂဏန်းဖြစ်တဲ့ ရင်းဂစ် ၁ကျပ်၊ ၂ကျပ်၊ ၅ကျပ်၊ ၁၀၊ အများဆုံး ၄၀ ထိ ကြိုက်ရာဂဏန်းမှာ အနည်းဆုံး ၁၀ကနေ သူတို့ပေးတဲ့ အကြွေစေ့နဲ့ ရွေးထိုးရတယ်။ အများဆုံးကျတာ ၁ကျပ်က ပိုများပါတယ်။ လှည့်လိုက်လို့ ၁ကျပ်နေရာရောက်ရင် ကိုယ်ထိုးထားတဲ့ တန်ဖိုးအတိုင်း ပြန်လျော်ပေးတယ်လေ။ ၅ပွဲလောက် ကစားမိတယ်။ ၃ပွဲလောက်နိုင်ပြီးရော နောက်တခြားတစ်နေရာက Big၊ Small လောင်းတဲ့နေရာဘက်သွားတယ်။ အဲ့ဒီမှာ ကံတရားက ကိုယ့်ဘက်မလိုက်ဘူးလေ။ ကိုယ်က အကြီးလောင်းရင် အသေးကျတယ်။ အသေးပြန်လောင်းတဲ့ အကြီးကျလိုက်နဲ့ ကံမကောင်းစွာ အဲ့ဒီနေရာကနေ ပြန်လာလိုက်တော့တယ်း(
အချိန်ကြည့်လိုက်တော့ ၉နာရီထိုးတာနဲ့ ရုပ်ရှင်ရုံဘက် ခြေဦးလှည့်မိတယ် ပွဲစဉ်အားလုံး လက်မှတ်တွေ အားလုံး ရောင်းကုန်နေပါပြီ လက်မှတ်ရတဲ့ ရုပ်ရှင်ကားပဲကြည့်မယ်ဆိုပြီး တန်းစီလာလိုက်တာ ကိုယ့်အလှည့်ရောက်ရော ကုန်သွားပြီတဲ့ မနက်ဖြန်အတွက်ပါ booking အားလုံး ပြည့်သွားပြီတဲ့လေး(
မထူးတော့ပါဘူး တနေကုန်လည်း ညောင်းနေပြီဖြစ်လို့ အခန်းပြန်ပြီးပဲ အေးဆေးနားတာ အကောင်းဆုံးပဲလေ မနက်ဖြန် မနက် ၇နာရီ မနက်စာစားပြီးတာနဲ့ malacca ခရီးစဉ်ကို ထပ်ဆက်ရဦးမယ်ဆိုတော့ နောက်နေ့အတွက် အင်အားသစ်တွေ မွေးဖွားရင်း.........

 
 
 
 
 

ဒုတိယရက် ခရီးစဉ်က အခုလိုပဲ ကုန်ဆုံးခဲ့ပါတယ်။ တတိယနေ့ကတော့ နောက်ဆုံးရက်ပဲပေါ့ အပြန်လက်ဆောင်တွေ သူငယ်ချင်းတို့အတွက် အများကြီးဝယ်လာခဲ့တယ် တတိယရက် ခရီးစဉ်မှာပဲ စောင့်မျှော်ဖတ်တော့နော်

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်