30 December, 2009

မိဘကျေးဇူးဆပ်ကြပါစို့



တခါတုန်းက ကလေးငယ်တစ်ယောက်ရှိတယ်။ သူဟာ ငယ်ငယ်တုန်းကဆို သစ်ပင်ကြီးတစ်ပင်အောက်မှာ အမြဲတမ်း ကစားလေ့ရှိတယ်လေ။ ကစားတိုင်းလည်း သစ်ပင်ကြီးကပြောတယ် ငါတို့တွေ တူတူကစားရအောင်ကွာလို့ ပြောတော့ ကလေးငယ်လည်း သဘောတူလက်ခံပြီး သစ်ပင်ကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားကြတာပေါ့။

ဒီလိုနဲ့ နှစ်အနည်းငယ်ကြာလာတော့ ကလေးငယ်ဟာ ကြီးပြင်းလာပြီး အရင်ကလို ကစားတာကိုပဲ သိတဲ့သူ မဟုတ်တော့ဘူးလေ ဒါပေမယ့် သစ်ပင်ကြီးကတော့ငါတို့တွေ တူတူကစားရအောင်ကွာ လို့ပြောတော့ ကလေးငယ်က ငါ အခုမင်းနဲ့ မကစားချင်တော့ဘူး ငါကစားစရာ အရုပ်တွေ လိုချင်တယ် မင်းမှာရှိရင် ငါ့ကိုပေးပါလားကွာ လို့ တောင်းဆိုလာရော...
 
သစ်ပင်ကြီးက ငါ့မှာ ကစားစရာတွေတော့ မရှိဘူး ရှိတာဆိုလို့ အပင်က အသီးတွေပဲရှိတယ် မင်း ခူးသွားပြီး ပိုက်ဆံနဲ့သွားလဲလိုက် ဒါဆိုရင် မင်းလိုချင်တဲ့ ကစားစရာတွေ ရပြီပေါ့ကွာ လို့ပြောလိုက်တော့ ကလေးငယ်လည်း အရမ်းဝမ်းသာသွားပြီး သစ်ပင်ကြီးဆီကအသီးတွေ ခူးလိုက်တယ် ပြီးတော့ ကစားစရာတွေနဲ့ လဲပစ်လိုက်တယ်လေ။
 
နောက်ထပ်နှစ်တွေ ကုန်လွန်လာပြန်တော့သွားတော့ ကလေးငယ်ဟာ အိမ်ထောင်ရက်သားကျပြီးသူဖြစ်လာတယ်လေ။ တစ်နေ့မှာ သူဟာ သစ်ပင်ကြီးအောက် ရောက်လာပြန်တယ်။ သစ်ပင်ကြီးက သူ့ကိုတွေ့တော့ ငါတို့တွေ တူတူကစားရအောင်လေလို့ ခေါ်ပြန်တယ်။ ဒီတစ်ကြိမ်မှာ သူက ငါဟာ အခု ငါ့ကိုယ်ပိုင်အိမ်ထောင်ရေး နဲ့ဖြစ်နေပြီ ငါလောလောဆယ် အိမ်တစ်လုံးလောက်လိုချင်တယ်ကွာ မင်းငါ့ကို ကူညီနိုင်မလား လို့ မေးတယ်။
 
အဲ့ဒီတော့ သစ်ပင်ကြီးက ငါ့မှာတော့ အိမ်မရှိဘူး ဒါပေမယ့် မင်း လိုချင်ရင် ငါ့အပင်ကို ခုတ်သွား ပြီးတော့ မင်း လိုချင်တဲ့အိမ်တစ်လုံးဆောက်လိုက်တော့ လို့ပြောတော့ သူလည်း သစ်ပင်ကြီးပြောတဲ့အတိုင်း လုပ်လိုက်တယ်။ နောက်ဆုံးသစ်ပင်ကြီးဆီမှာ သစ်ငုတ်တိုအဖြစ်နဲ့ပဲ ကျန်ခဲ့တော့တယ်လေ။ ဒီလိုနဲ့ပဲ ရက်တွေ လတွေ နှစ်တွေ ကုန်ဆုံးသွားပြန်ရော..

ရာသီတွေ အလီလီ ပြောင်းလဲပြီးနောက် ဟိုးအရင်ငယ်ငယ်တုန်းက ကလေးငယ်ဟာ အခုတော့ အသက်တွေကြီးပြီး ဇရာအိုအရွယ်တောင် ရောက်လာခဲ့ပါပြီ တစ်နေ့မှာ သူဟာ သစ်ပင်ကြီးရှေ့ကို ရောက်လာတယ် သစ်ပင်ကြီးက သူ့ကိုတွေ့တော့ အခုတော့ ငါ့ဆီမှာ ဘာမှမရှိတော့ဘူး မင်းကိုလည်း မကူညီနိုင်တော့ဘူးကွာ အဲ့ဒီအခါမှာ သူကလည်း ပြောပါတယ် ငါလည်း မင်းဆီက ဘာမှ မလိုချင်တော့ပါဘူး ဒါပေမယ့်အခုတော့ ငါခဏလောက် အနားယူချင်တယ် မင်းကူညီနိုင်ဦးမလားလို့ မေးလိုက်တယ်။

မင်းအနားယူချင်တယ်ဆိုရင်လည်း ငါ့အပေါ်မှာ ထိုင်ပြီး အနားယူနိုင်တယ်လေကွာ တဲ့။ သူလည်း ကောင်းမွန်စွာ အနားယူအပန်းဖြေပြီး သစ်ပင်ကြီးဆီကနေ တဖြည်းဖြည်း ထွက်ခွာလာခဲ့ပါတယ်။

*********************................................*********************

ဒီပုံပြင်လေးကို ဖတ်ကြည့်ပြီး စဉ်းစားကြည့်ရအောင် အမှန်တော့ သစ်ပင်ကြီးဆိုတော့ ကျွန်မတို့ရဲ့ မိဘတွေနဲ့တူပါတယ်။ ကလေးငယ်ကတော့ သားသမီးတွေဖြစ်တဲ့ ကျွန်မတို့တွေပေါ့။ ဒါဆိုရင် မိဘတွေက ကျွန်မတို့ဘ၀တလျှောက်လုံး ငယ်ရာကနေ ကြီးလာတဲ့ အရွယ်ထိ လိုအပ်သမျှတွေ အားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တာတွေကြီးပဲလေ။ အထူးသဖြင့် ကျွန်မတို့ကို အခုလို အရွယ်ထိရောက်အောင် ကိုးလလွယ်ပြီး ဆယ်လဖွားခဲ့ရတဲ့ မွေးသမိခင် ကျေးဇူးရှင် မေမေပါပဲ။ ငယ်ငယ်တုန်းကဆို ထမင်းစားတဲ့ အခါမှာ ၀ါးပြီးတော့တောင် ခွံ့ကျွေးခဲ့ဖူးတယ်။ အရွယ်ရောက်လာတဲ့အခါကျတော့ အဲ့ဒါတွေကို ရွံစရာလို့ ထင်မြင်ကောင်း ထင်မြင်မိကြမှာပါ။ ပြီးတော့ ပညာတတ်တွေဖြစ်အောင် ကျောင်းထားပေးခဲ့တယ်။ သူများနဲ့တန်းတူ ကျူရှင်တွေ သင်တန်းကျောင်းတွေလည်း တက်ရောက် သင်ကြားခိုင်းတယ်။ လိုချင်တာတွေ အားလုံးလည်း မငြီးမညူလိုက်လျော ၀ယ်ခြမ်းပေးခဲ့တယ်။ မိဘတွေရှာဖွေထားတဲ့ ဥစ္စာပစ္စည်းတွေ အားလုံးဟာ နောက်ဆုံးတော့ သူတို့ သားသမီးတွေ အတွက်ပါပဲ။ သူတို့ရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာ၊ အနစ်နာတွေအားလုံးဟာ သားသမီးတွေအတွက် ပေးဆပ်ခဲ့တာ ကျွန်မတို့ အခုတသက်တာပဲနော်။ နောက်ဆုံး ကျွန်မတို့တွေ သွားစရာ ပြန်စရာ နေစရာမရှိတော့ရင်တောင် မိဘရင်ခွင်ထဲမှာ နွေးထွေးစွာ ခိုလှုံအနားယူခွင့် ရပါသေးတယ်။ ကျွန်မတို့ ကျေးဇူးပြန်လည်ဆပ်ဖို့ကို မမျှော်လင့်ခဲ့ကြဘူး မတောင့်တခဲ့ကြဘူး ကျွန်မတို့ ကောင်းစားနေတာကို ကြည့်ပြီးတော့တောင် ကြည်နူးဝမ်းသာပီတိတွေဖြစ်နေကြတာပဲ။


ဒီနေ့ 30.12.2009 ဟာ ကမ္ဘာ့အမေများနဲ့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ၀ိုင်းရဲ့ မာမားကတော့ မြန်မာပြည်မှာပဲ ရှိပါတယ်။ နေ့တိုင်း မာမားကို သတိရတယ်။ တစ်ပတ်ကို တစ်ကြိမ် အွန်လိုင်းမှာ စကားပြောဖြစ်ပါတယ်။ တခါတလေ ၀ိုင်းက ရီစရာတွေ ပြောတတ်တယ် အဲ့ဒီအချိန်ကျရင် မာမားရဲ့ ဟန်ဆောင်မှု ကင်းတဲ့ ရီသံက ၀ိုင်းတို့ရဲ့ ရင်ကို အေးမြစေတယ်လေ။ အခုချိန်ဆို မြန်မာပြည်မှာအေးမြတဲ့ ဆောင်းရာသီကျရောက်လာပြီဖြစ်လို့ သားသမီးတွေနဲ့ ဝေးနေတော့ ကျန်းမာရေးကို အထူးတလည် ဂရုစိုက်ဖို့ပဲ အထပ်ထပ်ပြောနေမိပါတယ်။ အခုအချိန်ထိတော့ မိဘကျေးဇူးကို တတ်နိုင်တဲ့ ဘက်က ဆပ်ခွင့်ရအောင် ကြိုးစားရင်း အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ သားသမီးတိုင်းရဲ့ကိုယ်စား မိဘတိုင်း မိဘတိုင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေလို့ လက်ဆယ်ဖြာယှက်ကာ အဝေးတစ်နေရာကနေ ပူဇော်ကန်တော့လိုက်ပါတယ်ရှင်..........

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

13 comments:

flowerpoem said...

အမေများနဲ့ ပို့စ်လေးကို ပုံပြင်လေးနဲ့ တင်ပြတာ ကျေးဇူးပါ ညီမလေး
မိဘကျေးဇူးဆပ်နိုင်သော သားသမီးဖြစ်ပါစေရှင်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ၀ိုင်းရေ..

ဒီပို့စ်လေးကို ဖတ်ရင်း အမေ့ကို သတိရလိုက်တာကွယ်... ပုံပြင်လေးလဲ ဖော်ပြထားလို့ ဖတ်ရတဲ့ အတွက် ကျေးဇူးပါ..

ခင်မင်စွာဖြင့်
ကိုမျိုး

Beauty Studio USA Branded Store said...

ဝိုင်းရေ စာလေးဖတ်ပြီး အကိုမေမေကိုတောင်သတိရသွားတယ်ဗျာ။

နွေဆူးလင်္ကာ said...

ဖတ်လို့ အရမ်းကောင်းတယ်ဗျ။

ချော said...

အဝေးမှာရောက်နေတဲ့ သူတွေအတွက် အမေ့ရဲ့မေတ္တာက တန်ဖိုးဖြတ်မရတဲ့ တမ်းတ မက်မောစရာပါ..

Welcome said...

ပို့စ်ကောင်းလေးပဲ

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံလို့
ဘ၀လိုအင်တွေ ဆန္ဒနဲ့ တစ်ထပ်တည်းကျစေဖို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

ခင်မင်လျက်နဲ့

တောသားလေး said...

ညီမရေလာလည်သွားပါတယ်။မိဘကျေးဇူးကို
ဆပ်နိုင်တဲ့သမီးလိမ္မာလေးဖြစ်ပါစေ။

လင်းကြယ်ဖြူ said...

မိဘမေတ္တာကို နားလည်တဲ့ သမီးလေးမို့
လိုအင်တွေ အရောင်တောက်လာမှာပါ...
ပျော်ပါစေခင်ဗျာ
လေးစားစွာ
*.*.*

တောင်ပေါ်သား said...

ချစ်သော မိဘနဲ့ အတူတူ အမြန်ဆုံး ပြန်လည်တူတူနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ၀ိုင်းရေ ပျော်ရွှင်မှုတွေ ရရှိပါစေ

လေးစားလျက်
တောင်ပေါ်သား

မြစ်ကျိုးအင်း said...

မိဘတွေက ပေးဆပ်သူသက်သက်တွေ ဆိုတာ သိပေမယ့် သားသမီးတွေက ပူလောင်မှု ထဲနဲ့ပဲ တိုးဝင်နေကြတာပဲလေ။
ဒါပေမယ့် အခက်အခဲ တွေ ကြုံတွေ့တာနဲ့ ပထမဆုံး ပြေးမြင်မိတာ မိဘတွေ ပါပဲလေ ။

ပို့စ်ကောင်းလေးပါပဲ ဝိုင်းရေ

မောင်ကောင်း said...

မိဘကျေးဇူးကို တရားနဲ့ကျေအောင် ဆပ်နိုင်တဲ့ အမျိုးကောင်းသမီးတစ်ယောက် ဖြစ်ပါစေလို့ နှစ်သစ်မှာ ဆုတောင်းပေးပါတယ်အစ်မရေ..။ မိဘကျေးဇူးကို အခုလို သိတတ်တဲ့အတွက်လည်း သာဓုခေါ်ပါတယ်။ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေ...။

~ဏီလင်းညို~ said...

ဝိုင်းရေ...
ပုံပြင်လေးနားထောင်ရတာ ကောင်းတယ်ဗျာ...။
မိဘတွေရဲ့ကျေးဇူးကြီးမားပုံကတော့ အနှိုင်းမဲ့ပါပဲဗျာ...။
ခင်မင်တဲ့
ဏီလင်းညို

kiki said...

ကြီးမားလှတဲ့ မိဘကျေးဇူး တွေကို နားလည် တုန့်ပြန်နိုင်တဲ့ သားသမီးဖြစ်ဖို့  အမ ကိုယ်တိုင် လည်း အတော်လေး ကြိုးစားယူရအုံးမယ် ..

ပို့ စ်ကောင်း လေး တခုပါ ပဲ ..ဝိုင်းရေ ..

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်