22 December, 2009

ရေစက်ချ အမျှဝေခြင်းနှင့်ပတ်သက်၍ ဓမ္မ အမေးအဖြေ

မေး။    ။ အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

ဖြေ။   ။ ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌

၁။ လှူဒါန်းခြင်း
၂။ ဆုတောင်းခြင်းနှင့်
၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤ၀တ္ထုများကို လှူဒါန်းပါ၏။
ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တ၀ါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။

ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘ၀တွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထ၀ီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထ၀ီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ၀တ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။

................................*******................................

ပဋိပတ္တိ၊ ပရိယတ္တိ အလုပ်များ မနေမနား ပွားများအားထုပ်၍ ဝိပဿနာ တရားစခန်းများကို ဒေသအသီးသီးနှင့် ပြည်တွင်းပြည်ပ နိုင်ငံများသို့ လှည့်လည်ဟောပြလျက် ရှိတော်မူသော ကျေးဇူးတော်ရှင် ပုညာရာမဆရာတော် အရှင်ပုညာနန္ဒသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂရာတွင် ဘဝနတ်ထံပျံတော်မူသွားကြောင်း ဝမ်းနည်းဖွယ်ရာ သတင်းရရှိပါသည်။

ဆရာတော်၏ ဝိပဿနာ အလုပ်ပေးတရားများကို အင်တာနက်စာမျက်နှာ အရှင်ပုညာနန္ဒ (ပုညာရာမကျောင်းတိုက်) တွင် ကြည်ညိုနာယူနိုင်ပါကြောင်း။

ဆရာတော်၏ဆိုဒ်မှ ဓမ္မရေးရာ အမေးအဖြေ တစ်ချို့ကို ကောက်နှုတ်ဖော်ပြပေးခြင်းပါ ။ နောက်ထပ် ဓမ္မစာမျက်နှာများ နှင့် ဓမ္မရေးရာဘလော့များ ကိုလည်း စုံလင်စွာ စုစည်းပေးထားပါတယ်။ ဓမ္မမိတ်ဆွေများ ဓမ္မဒါန အလှူတရားတော်များ ဖြန့်ဝေပေးခြင်းဖြင့် သာသနာ့အလင်း ထာဝစဉ် ထွန်းလင်းတောက်ပနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။


အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

9 comments:

တောသားလေး said...

ညီမရေလာလည်သွားပါတယ်။နောင်လည်းတ
ရားဓမ္မများကိုဆက်လက်မျှဝေနိုင်ပါစေ။
ကျန်းမာပျော်ရွင်ပါစေ။

လင်းကြယ်ဖြူ said...

မှတ်သားသွားပါတယ်ခင်ဗျာ
ဗဟုသုတ တိုးပွါးပါတယ်
ပျော်ပါစေ
လေးစားစွာ
*.*.*

Nge Naing said...

ရေစက်ချ အမျှပေးဝေပြီး လှူဒါန်းတာက နိဗ္ဗာန်ကို ရည်စူးတဲ့ အလှူဖြစ်တယ် ပေးကမ်းခြင်းက သာမန် ပေးကမ်းစွန့်ကျဲတာသာ ဖြစ်လို့ နှစ်ခုစလုံးက ကောင်းမှုပြုတာ ဖြစ်ပေမဲ့ အနှစ်သာရနှစ်ခု များစွာ ကွာခြားပါတယ်။ ရေစက်ချ အမျှပေးဝေတာ လှူဒါန်းခြင်းရဲ့အနှစ်သာရဖြစ်တော့ ပေးကမ်းခြင်းနဲ့ လှူဒါန်းခြင်းကွာပုံကို သဲသဲကွဲကွဲ သိလိုက်ရတယ်။ ၀ိုင်းရေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။

Beauty Studio USA Branded Store said...

အကိုတောင် အလှုလုပ်လို့ ရေစက်ချတိုင်း သတိရတတ်တယ်။ ဘာကြောင့် ဒီးလိုလုပ်တာလဲလို့။သာမာန် ပါးစပ်ကနေ အမျှဝေလို့မရဘူးလားပေါ့။ညီမတင်တဲ့ပိုစ်ဖတ်မှပဲ သဘောပေါက်သွားတော့တယ်။ ကျေးဇူးပါ ညိမဝိုင်းရေ။

မောင်ကောင်း said...

မှတ်သားစရာ ပိုစ့်ကောင်းလေးတစ်ခုပါပဲ အစ်မ၀ိုင်းရေ။ သာသနာတော်အတွက် ဒီလိုစာမျိုးရေးသားမယ့်လူတွေ များများလိုအပ်ပါ့..။ သာဓုပါအစ်မရေ..။

flowerpoem said...

မျှဝေပေးတာကျေးဇူးပါ ညီမလေးဝိုင်းရေ

သူကြီးမင်း (တုံးဖလား) said...

မှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးပါ။
ဆရာတော်ပျံလွန်တော်မူသွားတာ စိတ်မကောင်းဖြစ်မိပါတယ်။
သာသနာအတွက်တကယ်အလုပ်လုပ်တဲ့သူတွေ အကြွေစောကြတာတော့ မဖြစ်သင့်တဲ့ကိစ္စပါ။
ဒါပေမဲ့လဲ....
ကံပေးသလောက်ဘဲပေါ့။

သုခုမလေဒီ said...

ဆရာတော်အတွက် စိတ်မကောင်းခြင်းများစွာဖြစ်မိပါတယ်။
ဆရာတော်ရဲ့ အမေးအဖြေကဏ္ဍလေးကို မျှဝေတဲ့အတွက် ကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

Unknown said...

အမေးအဖြေက ဘယ်မှာလုပ်ရမလဲ ခင်ဗျာ

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်