09 November, 2009

ကိုယ်ယုံကြည်ရာ....

“People say they love truth, but in reality they want to believe that which they love is true.”

( By - Robert J. Ringer)


လူသားတွေအတွက် ယုံကြည်မှုဆိုတာ အရေးပါတဲ့ နေရာတစ်နေရာပါပဲ ...
တစ်ချို့က ဘုရားသခင်ကို ယုံကြည်တယ် ...
တစ်ချို့က ကံကိုယုံကြည်တယ် ...
တစ်ချို့က ကိုယ့်ကိုယ်ကို ယုံကြည်တယ် ... ဒီလိုပါပဲ ကိုယ်ယုံကြည်ရာအပေါ်ကို ယုံကြည်နေကြတယ်။


ယုံကြည်မှုဆိုတဲ့နေရာမှာ မျှော်လင့်ချက်တစ်ခုတော့ ပါဝင်နေပါတယ်။ တစ်နည်းပြောရရင်တော့ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုအပေါ်မှာ ယုံကြည်မှုတွေ ရပ်တည်ရှင်သန်နေတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ယုံကြည်မှုတွေ ပိုတိုးတိုးလာစေပြီး မဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့အားထုတ်မှုလိုသေးလို့ဆိုပြီး အပြစ်ဖို့စရာ ရမယ်ရှာတတ်ကြပါတယ်။ ဒီအတွက် ကိုယ့်စိတ်ကိုယ်စစ်ပြီး ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိဖို့က အဓိကကျပါတယ်။ ဒါမှပဲ အတွေးအခေါ်၊ အတွေ့အကြုံရင့်ကျက်လာတာနဲ့ အမျှ ဘာကိုယုံပြီး ဘာကိုမျှော်လင့်ရမယ်ဆိုတာ အလိုလိုသိလာပါလိမ့်မယ်။

ဝိုင်းကတော့ ယုံကြည်မှုကိုမြတ်နိုးတယ်။ ယုံကြည်ပေးရတာကိုလည်း နှစ်သက်တယ်။ အဲဒီလို ယုံကြည်ပေးလိုက်ရတာ ကိုယ်တိုင်လည်း လုံခြုံသွားသလို ခံစားရတယ်။ သူများအပေါ်မှာလည်း ပိုလေးစားတတ်လာသလိုပဲ။ သူတဖက်သားရော ကိုယ်ကိုယ်တိုင်ရော သံသယတွေ ရှင်းနေစေချင်တယ်။ ဘာပဲပြောပြော ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုက အရေးကြီးဆုံးပါ။ နိုင်ငံအချင်းချင်းကြားက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအချင်းချင်း ယုံကြည်မှုက စလို့ နောက်ဆုံး သူငယ်ချင်းနှစ်ယောက်ကြားက ယုံကြည်မှုအထိ ယုံကြည်မှုဆိုတာကတော့ အရာအားလုံးကို ခိုင်မာနွေးထွေးစေတဲ့ ဆက်ဆံရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ပါပဲ။ အဲ့ဒီလို တစ်ဦးအပေါ် တစ်ဦး ယုံကြည်နိုင်ဖို့အတွက် တမင်တည်ဆောက်ယူလို့ရတာတွေလည်းရှိတယ်။ အလိုအလျောက်ဖြစ်တည်လာတာတွေလည်း ရှိပါတယ်။

ဝိုင်းက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ဦးဖြစ်တဲ့အတွက် အနန္တော အနန္တ ငါးပါး ကို ယုံကြည်ပါတယ်။

(၁) မြတ်စွာဘုရား

(၂) မြတ်စွာဘုရား ဟောကြားဆုံးမတော်မူခဲ့တဲ့ တရားဒေသနာတော်များ

(၃) သီလကိုလုံခြုံအောင် စောင့်ထိန်း၍ ၀ိပသနာဘာဝနာ ပွားများအားထုတ်နေသော သံဃာတော်မြတ်များ

(၄) မိဘနှစ်ပါး ( ၀ိုင်းတို့ သားသမီးတွေအပေါ်ထားတဲ့ စေတနာ၊ မေတ္တာ၊ အနစ်နာ၊ ဂရုဏာတွေဟာ အတိုင်းအဆမရှိ ကြီးမားလွန်းလို့ပါပဲ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အခြေအနေပဲရောက်ရောက် မွန်မြတ်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ သားသမီးတိုင်းကို အချစ်မပိုခဲ့သလို လျော့လည်း လျော့မသွားတော့လို့ပါပဲ)

(၅) အတတ်ပညာ အသိပညာများကို သင်ကြားပြသ ပို့ချပေးသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ

ဒါ့အပြင် ကိုယ့်ထက် ကြီးသူ၊ လေးစားအားထားရတဲ့သူ တွေရဲ့ ဆုံးမစကား တွေကိုလည်း ယုံကြည်လက်ခံပါတယ်။ သူတို့တွေဟာ ကိုယ့်ထက်ဝါရင့်ပြီး အတွေ့အကြုံ အတွေးအခေါ် ပိုပြီး ရင့်ကျက်သူများဖြစ်လို့ပါပဲ။ အမှားအမှန် အဆိုးအကောင်းတွေကို အကျိုးအကြောင်းခိုင်လုံစွာနဲ့ လမ်းမှန်ရောက်အောင် ညွှန်ကြားပြသပေးလို့ပဲဖြစ်ပါတယ်။

ကံကံ၏ အကျိုးပေးခြင်း ကိုလည်း ယုံပါသေးတယ်။ ကိုယ်ကိုယ်တိုင်က ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ခံစားရမှာအမှန်ပါ။ လူတိုင်းအပေါ်မှာ ကောင်းတဲ့ စိတ်ထားမွေးပြီး စေတနာသန့်သန့်ရှင်းရှင်းနဲ့ တစ်ဖက်သားအပေါ် ကူညီမေတ္တာပွားလိုက်တယ်ဆိုရင် ဒါဟာ သူများအတွက်ရော၊ မိမိအတွက်ပါ ကောင်းတဲ့ အကျိုးကို လုပ်ဆောင်ခြင်းလည်း ဖြစ်တယ်။

ဒီနေရာမှာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တချို့ဟာ အယူဝါဒ လွဲမှားစွာနဲ့ နတ်များကို ယုံကြည်ကိုးကွယ်မှု ပြုလုပ်နေတာကို တွေ့ရပါတယ်။ သူခိုး ဓါးပြတွေ ရိုက်နှက် လုပ်ကြံမှာကို စိုးရိမ်ပြီး ရှိခိုးပူဇော် ကိုးကွယ်နေကြတာတွေဟာ ဗုဒ္ဓဘာသာဝင်တို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်လို့ မကိုးကွယ်သင့်ပါဘူး။ အမှန်တကယ်ကိုးကွယ် ယုံကြည်အားထားရာ အမှန်ကတော့ ဘုရား၊တရား၊ သံဃာ ရတနာမြတ်သုံးပါးသာလျှင်ဖြစ်ပါတယ်။ နောက်ပြီး ဗေဒင်၊ ယတြာ၊ နက္ခတ်ပညာ၊ ထီထိုးခြင်းတွေကိုလည်း ယုံကြည်စရာမရှိပါဘူး။ ဗေဒင်တွေ၊ ယတြာတွေယုံပြီး ဗေဒင်တွေမေး၊ ယတြာတွေချေလိုက်လို့ မကောင်းတာတွေ အားလုံးပျောက်သွားတယ်ဆိုရင် မကောင်းမှုတွေပဲလုပ်မိပြီး ဗေဒင်တွေ၊ ယတြာတွေပဲ လုပ်မိနေတော့မှာပေါ့။ နောက်ပြီး ပြောပါသေးတယ်။ ဒါလုပ်လိုက်ရင် စာမေးပွဲအောင်မှာ၊ ကျန်းမာရေးကောင်းမှာ၊ စီးပွါးဥစ္စာတွေ တက်မှာဆိုပြီး လူတွေအပေါ် လိမ်လည် လှည့်စားနေကြတဲ့ လူလိမ်တွေလည်း အများကြီးပါ။ ပြီးတော့ ထီတို့၊ ကံစမ်းမဲတို့ဆိုတာတွေလည်း ရှိပါသေးတယ်။ ထီထိုးတိုင်းသာ ဆုမဲပေါက်ကြေးဆိုရင် အားလုံး စီးပွားမရှာတော့ပဲ ဆုမဲပေါက်ဖို့ကိုပဲ အကြိမ်ကြိမ်မျှော်လင့်စောင့်စားရင်း ရှိပြီးသား စည်းစိမ်ဥစ္စာတွေလည်း ပျောက်ဆုံး၊ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေလည်း ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ကံသည် အလုပ်ဖြစ်ပါသည်။

ဒါ့ကြောင့် မိမိတို့ ပတ်ဝန်းကျင်မှ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများကို စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာအယူအဆများဖြင့် မှန်ကန်သော လမ်းကို ရွေးချယ်စေပြီး မွန်မြတ်တဲ့ သာသနာအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြစေရန် နှိုးဆော်လိုက်ပါတယ်။

နောက်ပြီး စိတ်တန်ခိုး အစွမ်းထက်တယ် ဆိုတာလည်း ယုံကြည်ပါတယ်။ မိမိကိုယ်တိုင် အလုပ်တစ်ခုခုကို လုပ်ချင်တယ်ဆိုပါတော့။ ဒီအလုပ် လုပ်ကိုလုပ်ရမယ် မဖြစ်မနေ ရအောင် လုပ်မယ်ဆိုတဲ့ ထက်သန်တဲ့ စိတ်စွမ်းအားတွေ စိတ်ထဲမှာ ကိန်းအောင်းနေတယ် ဆိုရင် ဘယ်ကိစ္စမဆို အခက်အခဲတွေကို အောင်မြင်စွာ တွန်းလှန်ကျော်ဖြတ်နိုင်မှာပါ။ ဒါကတော့ ၀ိုင်းရဲ့ ကိုယ်တွေ့ခံစားချက်ပါပဲ။ ဒီလို စိတ်တန်ခိုးတွေ ဖြစ်ပေါ်လာနိုင်ဖို့ အရေးကြီးဆုံး တစ်ချက်ကတော့ မိမိကိုယ်ကို ယုံကြည်ခြင်း အပြည့်အ၀ ရှိဖို့ပါပဲ။ မိမိကိုယ်ကို ယုံကြည်ခြင်း ရှိခဲ့လို့ အောင်မြင်သွားခဲ့ရတဲ့ ရှေးကလူတွေ၊ သာဓကတွေကတော့ အများကြီးပါ။ ၀ိုင်း ဖတ်ခဲ့ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။


တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း "သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ" လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။
အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။ "မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ ဖြစ်လိမ့်မယ်" လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။
အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
သူအသက် ၃ဝမှာ တတ်ထားတဲ့ ပညာလေးနဲ့ ဆွံအ နားမကြားကျောင်းမှာ ဝင်လုပ်ခဲ့တယ်။ အဲဒီနောက် မသန်မစွမ်း ကလေးတွေအတွက် ကျောင်းတစ်ကျောင်း ဖွင့်နိုင်ခဲ့တယ်။ နောက်ထပ် မသန်မစွမ်းသူတွေ သုံးစွဲနိုင်တဲ့ ပစ္စည်းတွေကို ဖြန့်ဝေခဲ့တယ်။ အခုဆိုရင် သူဟာ အောင်မြင်တဲ့ သူဌေးတစ်ဦး ဖြစ်ခဲ့ပါပြီ။
တစ်နေ့မှာ အောင်မြင်တဲ့ သမီးတစ်ဦးက အိုမင်းနေတဲ့ အမေရှေ့မှာ ထိုင်ပြီး နှစ်ရှည်လကြာ သူသိချင်ခဲ့တဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို မေးခဲ့တယ်။ အဲတာက သူကျရှုံးနေတဲ့အချိန်၊ အနာဂတ်တွေ မဲမှောင်နေတဲ့အချိန်၊ ရှေ့ဆက်ဖို့ လမ်းတွေ ပျောက်နေတဲ့အချိန်မှာ အမေက ဘာအကြောင်းကြောင့် သူ့အပေါ် ယုံကြည်မှုတွေ ရှိနေသေးသလဲ? ဆိုတာဖြစ်တယ်။
အမေရဲ့ အဖြေက ရိုးရိုးလေးပါ။ အမေက ပြောတယ်.. " မြေတစ်ကွက်မှာ ဂျုံစိုက်လို့ မဖြစ်ထွန်းရင်၊ ပဲပြောင်းစိုက်ကြည့်ပါ။ ပဲစိုက်လို့လဲ မဖြစ်ထွန်းရင် နေကြာ စိုက်ကြည့်ပါ။ နေကြာစိုက်လို့လဲ အဆံတွေ မပြည့်ခဲ့ရင် တစ်ခြားအပင် ပြောင်းစိုက်ကြည့်ပါ။ ပန်းပွင့်မှာတော့ သေချာတယ်။ မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်တစ်ပင်တော့ ရှိပါတယ်။ နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်"
အမေ့ရဲ့ စကားကိုကြားတော့ သူငိုမိတယ်။ မိခင်ရဲ့ မေတ္တာ၊ ယုံကြည်မှုနဲ့ အားပေးမှုတွေက မျိုးမသန်တဲ့ ပျိုးတစ်ပင်ကိုတောင် အညှောင့်ပေါက်စေကြောင်း သူနားလည်လိုက်တယ်။

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့ ရှင်သန်ပေါက်ရောက် နိုင်သေးတယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက် ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်တဲ့ နေရာမှာ ကိုယ်တတ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်ကြရအောင်....

ဒီလိုပါပဲ။ ဘ၀မှာ အရှုံးတွေနဲ့ ဘယ်လောက်ပဲ ရင်ဆိုင်ခဲ့ရပါစေ။ ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်ဆိုတာကို သာဓက အနေနဲ့ ပြသွားတာပါပဲ။

နောက်တစ်ခုကတော့ မနိုင်းနိုင်းစနေ ရေးသားခဲ့တဲ့ မိမိကိုယ်ကို ယုံကြည်မှု ဆိုတဲ့ ဘာသာပြန် ဇာတ်လမ်းလေးပါ။
မွေးဖွားရာဒေသ၊ နိုင်ငံ စတာတွေကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ ဒါပေမယ့် လူ့ဘဝကို ပိုတန်ဖိုးရှိဖို့ ရွေးခွင့်တော့ ကျွန်မတို့မှာရှိခဲ့ပါတယ်။ ဆင်းရဲခြင်းက အရာအားလုံးကို ကိုယ်စားမပြုနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ကို ခွန်အားနဲ့ ရဲစွမ်းသတ္တိတွေ ပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဆင်းရဲတဲ့မိသားစုက သင်မွေးဖွားခဲ့ရင် ဝမ်းမနည်းပါနဲ့။ ဒါဟာ သင်ပိုကြံ့ခိုင်နိုင်ဖို့ ဘုရားသခင်ကပေးသနားတဲ့ ဆုလာဘ်လို့ ခံယူလိုက်ပါ။ ဒါမှ ပိုကောင်းတဲ့ မနက်ဖြန်တွေက သင့်ကို ဆီးကြိုနေမှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူကမှ အောင်မြင်မှုသရဖူကို ဆောင်းနိုင်မှာဖြစ်တယ်။

ဒီစာပိုဒ်လေးကတော့ ကိုယ်ကိုယ်တိုင် ယုံကြည်မှုတွေ ကျဆင်းလာတဲ့ အချိန်တွေမှာ အကြိမ်ကြိမ် ဖတ်မိခဲ့ပါတယ်။ စိတ်ဓါတ် အတွေးအခေါ်တွေရင့်ကျက်လာအောင် အများကြီး ကြိုးစားရဦးမှာပါ။  

ဒါကတော့ မပန်းရင့်ရောင် တက်ဂ်ထားတဲ့ ယုံကြည်မှု ဆိုတဲ့ တက်ဂ်ပို့စ်လေးပါ။ နောက်ကျမှ ရေးပေးနိုင်တာ စိတ်မရှိပါနဲ့ပန်းရင့်ရေ..... အလုပ်ကိစ္စ၊ အိမ်ကိစ္စတွေနဲ့ ရှုပ်နေလို့ပါဆိုပြီးလည်း မပြောချင်တော့ပါဘူး။ ကိုတောသားလေးရဲ့ ကမ္ဘာပျက်တော့မယ် ဆိုရင် တက်ဂ်ကိုတော့ နောက်တစ်ခေါက် စောင့်ပါဦးနော်။

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

9 comments:

ကောင်းကင်ပြာ said...

ကိုယ့်ကိုယ်ကို ယုံကြည့်ရင်းက လျော့ရဲရဲ ဖြစ်လာပီ၊ ၀ိုင်းစာလေး ဖတ်ပြီး အားမွေးလိုက်ဦးမယ်..း)

မြစ်ကျိုးအင်း said...

ဗုဒ္ဓဘာသာ တယောက်အနေနဲ့ ယုံကြည်မှုချင်း တော်တော်များများ တူညီပါတယ်။

ကိုယ်ကွယ်ယုံကြည်မှုနဲ့ပါတ်သတ်တဲ့ အမြင်လေးကို သဘောကျမိတယ်။

နတ်ကိုးကွယ်မှုက အခုချိန်ထိရှိနေတုန်းပါပဲ

တလနွန် said...

မဝိုင်းရဲ့  ယုံကြည်မှုတွေကို လာလေ့လာမှတ်သွား ပါတယ်ခင်ဗျ။
စိတ်တန်ခိုး က ဖြစ်ချင်တာကို ဖြစ်အောင်တွန်းပို့ နိုင်တယ်နော်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုက အဓိကပေါ့။
နတ်ကိုးကွယ်ခြင်းအယူအဆကို ကျွန်တော်လည်း မနှစ်သက်ပါဘူး။ ရှေးရိုးစွဲအယူအဆတွေကတော့ မြန်မာပြည်မှာ ရှိနေတုန်းပဲနော်။

ခင်မင်လျက်
တလနွန်

ဆောင်းနှင်းရွက် said...

ဝိုင်းရေ ...
အားပေးသွားတယ် ..
အရမ်းကောင်းတဲ့ ပို့စ် လေး တစ်ပုဒ်ပဲ ..
ဟုတ်တယ် နော် ...
စိတ်တန်ခိုးနဲ့ မိမိကိုယ်ကို ယုံကြည်မှု့
ဆိုတာ တကယ် အရေးပါတယ် ...။

flowerpoem said...

ဝိုင်းရဲ့ယုံကြည်မှုတွေ အရမ်းကောင်းပါတယ် လူတိုင်း ဖတ်သင့်တဲ့ပို့စ်လေးပါ..

ခရေညို said...

အရမ်းကောင်းတဲ့ ပို့စ် လေး တစ်ပုဒ်ပဲ ..
ဗုဒ္ဓဘာသာ တယောက်အနေနဲ့ ယုံကြည်မှုချင်း တော်တော်များများ တူညီပါတယ်။

Unknown said...

ဝိုင်းရေ ရေးပေးတာ ကျေးဇူးတင်တယ်သိလား။စာရေးထားပုံလဲ ကောင်းတယ်။ကိုယ့်ကိုကိုယ်ယုံကြည်တာကို ရေးထားပုံလေးအရမ်းကောင်းတယ်။အဆင်ပြေပါစေ၀ိုင်းရေ...။
ခင်တဲ့ ပန်းရင့်ရောင်

စိတ်၏ဖြေရာ said...

အခက်အခဲတွေ၊အဆိုးတွေနဲ့ရင်ဆိုင်ရရင်စိတ်ဓာတ်တွေ
ကျပြီးကိုယ့်ကိုကိုယ်ယုံကြည်မှုတွေလျော့ပါးလာတတ်
ပါတယ်။ဝိုင်းရဲ့ post လေးကအားဆေးလေးတခွက်
ပါဘဲကွယ်။

Anonymous said...

ကမ္ဘာ့အံ့ဖွယ် သုတပန်းခင်း ဆိုတဲ့ ပို့စ်ကို လူတွေ အများကြီးဖတ်တဲ့ အိမ်လွမ်းသူဆိုတဲ့ နေရာလေးမှာ ကူးယူပြီးပြန်လည်ဖေါ်ပြထားလိုက်ပါတယ် ။ လုပ်ပြီးမှ ပြောတဲ့ အတွက်ခွင့်လွှတ်ပါနော် ... ဟီး

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်