23 October, 2009

အတုယူဖွယ်ရာ ပုံပြင်တစ်ပုဒ်



(孫叔敖- Sun Shu Ao) ရှုအောင်လေးဟာ ငယ်ငယ်တုန်းက လိမ္မာပြီး အရမ်းကို အလိုက်သိတတ်တဲ့ ကလေးလေးတစ်ယောက်ပါ။ သူဟာ စာလည်းတော်တယ်။ လူကြီးသူမတွေကို ရိုသေလေးစားတယ်။ မိခင်ပေါ်ကိုလည်း သိတတ်တယ်။ အဲ့ဒါကြောင့်သူဟာ ပတ်ဝန်းကျင်က အလေးထား ချစ်ခင်ခံရတဲ့သူ တစ်ဦးဖြစ်တယ်လေ။

တစ်နေ့မှာ ရှုအောင်ဟာ အပြင်ထွက်ဆော့ကစားတယ်။ ဆော့ကစားရင်း ရုတ်တရက် လမ်းပေါ်မှာ ခေါင်း၂လုံးနဲ့ မြွေကို တွေ့လိုက်ရတယ်။ သူဟာ ရှေးလူတွေ ပြောတဲ့စကားကို သွားကြားယောင်မိတယ်။ ခေါင်း၂လုံးနဲ့ မြွေကိုတွေ့ပြီးတဲ့သူတိုင်း သေတတ်ကြတာချည်းပဲတဲ့။ အဲ့ဒါကိုသိတဲ့ ရှုအောင်ဟာ မြွှေကို တွေ့တွေ့ချင်း ခဲနဲ့ ဖိသတ်ပစ်လိုက်တယ်လေ။ ပြီးတော့ အဲ့ဒီမြွေကို မြှုပ်လိုက်တယ်။ ဒါမှ နောက်ဆိုဘယ်သူ့မှလည်း အန္တရာယ်မကျရောက်နိုင်တော့ဘူးပေါ့။

အိမ်ပြန်ရောက်လာတော့ သူဟာ စိတ်ညစ်နေတာပေါ့။ ထမင်းလည်း မစားဘူးလေ။ တစ်ယောက်တည်း အိမ်ရှေ့မှာထိုင်ပြီး ငေးမောနေတယ်။ သူ့အမေဟာ သူ့သား မူမမှန် စိတ်ပျက်နေတာတွေ့တော့ " ဒီနေ့ ငါ့သားဘာဖြစ်နေတာလဲ " လို့ မေးပါလေရော။

" ဘာမှမဖြစ်ပါဘူး အမေရာ.. " ဆိုပြီး ပြန်ဖြေလိုက်တယ်။ ပြီးတော့ ခေါင်းငိုက်စိုက်ပြီး တွေဝေနေပြန်ရောလေ။

အဲ့ဒီအခါ သူ့မိခင်က လက်နဲ့ သူ့နဖူးကို စမ်းကြည့်တယ်။
" ဒါမှမဟုတ် သား နေမကောင်းဖြစ်နေတာလား ?" လို့မေးတယ်။

ရှုအောင်လေးလည်း ရင်ထဲမှာ ခံစားနေရတာကို မအောင့်နိုင်တော့ပဲ အမေ့ရဲ့ ရင်ခွင်ထဲမှာ ၀မ်းနည်းစွာ ငိုကြွေးလိုက်ပါလေရော။ အမေလည်း အရမ်းအံ့သြသွားတယ်။ ပြီးတော့ "ဘာဖြစ်တာလဲ သား၊ ဘာကြောင့်ဝမ်းနည်းနေရတာလဲ "လို့ အကြိမ်ကြိမ်မေးတယ်လေ။

အဲ့ဒီအခါမှာ ရှုအောင်က ငိုပြီးပြောပါတယ်။

"ဒီနေ့ သားအပြင်မှာဆော့နေတုန်း ခေါင်း၂လုံးနဲ့ မြွေကိုတွေ့ခဲ့တယ်။ ရှေးလူတွေပြောတော့ အဲ့ဒီလိုမြွေမျိုးတွေ့မိတဲ့သူတိုင်း သေတတ်တယ်ဆို... တကယ်လို့ သား သေသွားရင် နောက် အမေ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးပေါ့...."  လို့ ပြောရင်းပြောရင်း ငိုနေတယ်လေ။

အမေလည်း သူ့ကိုနှစ်သိမ့်အားပေးစကားတွေပြောပြီး " ဒါဆို အဲ့ဒီမြွေ အခုဘယ်မှာလဲ " လို့မေးတယ်။ သူက " သူများတွေ ထပ်တွေ့လည်း သူတို့အတွက် အန္တရာယ်ရှိမှာစိုးလို့ မြွေကို သားရိုက်သတ်ပြီး မြုပ်ပစ်ခဲ့တယ်" လို့ မျက်ရည်သုတ်ပြီး ပြောလိုက်တယ်။

အဲ့ဒီတော့ အမေက "ကောင်းတာပေါ့ သားရယ် သားလုပ်တာ မှန်ပါတယ် သားရဲ့စိတ်ထားက ဒီလောက်ကောင်းတာ သား မသေလောက်ပါဘူး ကောင်းတဲ့သူဟာ ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ခံစားရမှာပဲလေ" ဆိုပြီး ရှုအောင်ရဲ့ ခေါင်းကို ပွတ်ပြီး ၀မ်းသာစွာနဲ့ ပြောပါတယ်။

အဲ့ဒီတော့မှ ရှုအောင်လည်း သံသယတွေ ကင်းသွားပြီး ခေါင်းညိတ်ကာ အမေ့စကားတွေကို ယုံကြည်လိုက်ပါတယ်။

နောက်တော့ ရှုအောင်ဟာ ကျန်းမာစွာနဲ့ အရွယ်ရောက်လာပြီး သူ့ရဲ့ ဖြောင့်မတ်တည်ကြည်တဲ့ ကိုယ်ကျင့်သိက္ခာတွေကြောင့် ချူတိုင်းပြည်ရဲ့ နယ်စားမင်းဖြစ်ခဲ့ပါတယ်။ သူဟာ အဲ့ဒီနယ်စားမင်းတာဝန်ကို မထမ်းဆောင်ရသေးခင်မှာ ပြည်သူလူထုတွေဟာ သူကို အရာရာတိုင်းမှာ ယုံကြည်အားထား လေးစား ချစ်ခင်ကြတယ်လေ။

ရှုအောင်ဟာ သေမင်းနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတာ သိတဲ့ အချိန်မှာတောင် သူများကောင်းကျိုးအတွက် စဉ်းစားပေးတယ်လေ။ ဒါ့ကြောင့် ပြည်သူလူထုတွေဟာ သူ့ကို ယုံကြည်လေးစား ချစ်ခင်ကြတာပေါ့။

ဒီသဘောပါပဲ။ မိမိကိုယ်တိုင်က သူများကောင်းကျိုးအတွက် စဉ်းစားပေးမယ်ဆိုရင် သူများတွေရဲ့ အရေးပေးထောက်ခံခြင်းနဲ့ ယုံကြည်လေးစားမှုကို တန်ပြန်ခံစားရမှာ အမှန်ပဲဆိုတာကို ရှုအောင်လေးရဲ့အကြောင်းဖတ်ပြီး သူ့ရဲ့မွန်မြတ်တဲ့ စိတ်ထားအတွက် အတုယူ ၀မ်းမြောက်သင့်ကြောင်း ပုံပြင်လေးမှတဆင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

မူရင်း လေးကနေ ဆီလျော်အောင် ဘာသာပြန်ထားတာပါ။ အမှားအယွင်းများပါရှိခဲ့ရင် သည်းခံဖတ်ရှုပေးပါရန်....

အားလုံးကို ခင်မင်လေးစားလျက်


8 comments:

တောင်ပေါ်သား said...

ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးကို ခံစားရမှာပဲး) အမှန်ပါပဲဗျာ ကောင်းတာလေးတွေ လူသားအားလုံး လုပ်နိုင်ပါစေ

လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

ဘယ်အလုပ်မဆို သူတစ်ပါးအပေါ်စေတနာထားသလို အကျိုးကတော့ ခံစားရမှာပဲလေ။ ကောင်းတဲ့စေတနာထားရင် ကောင်းကျိုးခံစားရမည်ပေါ့

မိုးခါး said...

ဝိုင်းရေ
ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်ဆိုတဲ့ မက်ဆေ့လေးကို ယူသွားပါတယ် ..း)

ညီညီ said...

စိတ်ကောင်းလေးမွေးနိုင်အောင် ကြိုးစားပါမည်.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

မြစ်ကျိုးအင်း said...

ပုံပြင်လေး ဖတ်သွားတယ် ၀ိုင်းရေ....။

ကောင်းတာလုပ်ရင် ကောင်းတဲ့ အကျိုးခံစားရတာကို လေးလေးနက်နက် ယုံကြည်ပါတယ်။

မိုးအိမ့်ဖြူ said...

ကောင်းပါတယ် ခင်ဗျ ညီမရေ ရေးချင်တာတော့ အရှည်ကြီးပဲ မြန်မြန်ရေး မြန်မြန်ပြန်ထွက်ဖြစ်နေတယ်း(

Anonymous said...

တို့နိုင်ငံကလူကြီးတွေနဲ့များ ကွာပါ့နော်.. နံ့သာဆီနဲ့အီးလောက်ကို ကွာတာ

may16 said...

ပုံပြင်လေးက တကယ်ကောင်းပါတယ် ၀ိုင်းရေ

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်