16 October, 2009

အမေဆိုတာ အေးမြတဲ့ ဘူတာလေးတစ်ခုပါ

အဖေတစ်ယောက် လူ့လောက ကနေ ထွက်ခွါသွားပြီးနောက် သူဟာအိမ်ပြန်လာတဲ့ အကြိမ်တွေ နည်းသွားပါတယ်။ အထူးသဖြင့် ဒီနှစ်ပိုင်းမှာ တိတ်ဆိတ်ငြိမ်သက်လှတဲ့ အိမ်ကြီးထဲ တစ်ယောက်တည်း အဖော်မဲ့ အထီးကျန်စွာနဲ့ နေရတဲ့သူမကတော့ သူ့ရဲ့မိထွေးပါ။

သူ ၆နှစ်သားတုန်းက အဖေနဲ့အမေ ကွာရှင်းပြတ်စဲလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အမေဟာ လောကကြီးကနေ စွန့်ခွါသွားပါတယ်။

အဲ့ဒီအချိန်မှာ အဖေဟာ နောက်မိန်းမ ယူခဲ့ပါတယ်။ မိထွေးဟာ အမေ့ထက် အသက်ပိုငယ်ပြီး ပိုလှတယ်လေ။ ပြီးတော့ အဖေ့ကိုလည်း ကျေနပ်မှုပီတိတွေ ပေးနိုင်တဲ့သူပေါ့။ မိထွေးဟာ သူ့အပေါ် ဘယ်လောက်ပဲကောင်းကောင်း သူကတော့ မိထွေးကြောင့် သူ့အမေသေခဲ့ရတာ၊ အမေ့ကို သတ်တဲ့ တရားခံလို့ စိတ်ထဲမှတ်ထားပြီး မိထွေးကို ကြီးမားတဲ့ ရန်ငြိုးတွေနဲ့ သူစိမ်းဆန်ဆန် ဆက်ဆံခဲ့ပါတယ်။


တစ်နှစ်ကြာပြီးနောက် မိထွေးဟာ သူ့အတွက်အရမ်းချစ်ဖို့ကောင်းတဲ့ ညီမလေးတစ်ယောက်မွေးခဲ့တယ်။ သူ့ရင်ထဲက ရန်ငြိုးတွေက ပိုပြီးတော့တောင် ကြီးမားလာခဲ့တယ်။ ဒီလိုနဲ့ညီမလေးဟာ  တဖြည်းဖြည်း အရွယ်ရောက်လာပြီး သူ့ကို "အကို အကို" လို့ခေါ်တယ်။ ဒါပေမယ့် သူကတော့ မိထွေးကို မုန်းလွန်းလို့ မျက်နှာလွဲခဲပစ်နေခဲ့တယ်လေ။

တစ်နေ့မှာ ညီမလေးက သူနဲ့အတူတူ ဆော့ကစားနေတုန်း သတိမထားမိဘဲ ရေတွင်းပျက်ကြီးထဲ ကျသွားတယ်။ အဲ့ဒီအချိန်မှာ သူက ကယ်ကြပါ ကယ်ကြပါလို့ အော်ဟစ်အကူအညီတောင်းလိုက်ရင် ညီမလေးကို အချိန်မီကယ်တင်လို့ရမယ်လေ။ ဒါပေမယ့် သူက အဲ့ဒီအချိန်မှာတွေဝေစွာနဲ့ စိတ်ထဲကနေပြီး သူမကို ရေတွင်းထဲက ရေတွေ နည်းနည်းလောက်သောက်ခိုင်းလိုက်မယ်။ ခဏနေမှ သူအော်ပြီး အကူအညီတောင်းမယ်၊ ပြီးတော့မှ ညီမလေးကို ကယ်လိုက်မှာပေါ့လို့ စဉ်းစားလိုက်တယ်လေ။ အဲ့ဒီလိုစဉ်းစားပြီးတာနဲ့ သူဟာ တစ်နေရာဘက် ပြေးထွက်သွားပြီး ကစားနေလိုက်ပါတယ်။ ကစားရင်း ကစားရင်းနဲ့ ညီမလေး ရေတွင်းထဲမှာ ရှိတုန်းပဲဆိုတာကို မေ့သွားပါရော။ နောက်မှ မိထွေးက မင်း ရဲ့ညီမလေးဘယ်မှာလဲလို့မေးတော့မှ သူဟာ အရမ်းတုန်လှုပ်ခြောက်ခြားသွားပြီး ဇောချွေးတွေ ပြန်လာတော့တယ်။

မျက်လုံးစုံပိတ်နေပြီး အေးစက်မာတောင့်နေတဲ့ ညီမလေးရဲ့ ခန္ဓာကိုယ်ရှေ့မှာ မိထွေးကတော့ ရှိုက်ကြီးတငင်ပူဆွေးငိုကြွေးပြီး သူ့ကိုလည်း အပြစ်တင်ခြင်းလုံးဝ မရှိခဲ့ဘူးလေ အဲ့ဒီမှာ သူအကြီးအကျယ် နောင်တရသွားတယ်။

သမီးဆုံးရှုံးသွားပြီးနောက်ပိုင်းမှာ မိထွေးဆိုပေမယ့် အိမ်မှုကိစ္စအ၀၀ကို သူမပဲ ဦးဆောင်လုပ်ကိုင်ခဲ့ရတယ်။ အဖေနဲ့အတူတူအိမ်မှာ ရှိတဲ့အချိန်တွေမှာလည်း သူနဲ့ သူ့မိထွေး တစ်ဦးကို တစ်ဦး အေးတိအေးစက်၊ တရင်းတနှီး သိပ်မရှိပဲ ဒီလိုပဲ နေ့ရက်တွေကို ဖြတ်သန်းခဲ့ကြတယ်။

နောက်တော့ သူတက္ကသိုလ်တက်ရောက် အောင်မြင်ပြီးနောက် လုပ်ငန်းခွင်ထဲဝင်ခဲ့တယ်။ အဖေနဲ့ မိထွေးဝေးရာနေရာကိုထွက်လာပါတယ်။ အဖေသာ မိထွေးရှိနေမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်မလာနိုင်တော့ဘူးလို့ သူထင်ထားပါတယ်။

ဒါပေမယ့် သူထင်မှတ်မထားခဲ့တာကတော့ အဖေဟာ ရုတ်တရက် ကင်ဆာရောဂါရလာပါတယ်။ အဖေ ဆုံးပါးသွားတဲ့အချိန်မှာ သူဟာ သတင်းရလို့ အိမ်ကို ချက်ချင်း အမြန်ဆုံးပြန်လာတဲ့လမ်းမှာပဲ ရှိပါသေးတယ်။ သူ့ကို အဖေ မသေခင် ဘာတွေများမှာကြားသွားမလဲဆိုတာ သူလုံးဝမသိရသေးတာ အမှန်ပါ။ သူ အဖေ့အသက်ကို နောက်ဆုံးအကြိမ်အထိ မမီလိုက်ပါဘူး။ ဒီလိုနဲ့အဖေ့အသုဘ ဆောင်ရွက်ပြီးနောက် အဖေ့ညီဖြစ်သူ သူ့ဦးလေးက ပြောပြပါတော့တယ်။" မင်းအဖေ မသေခင် စိတ်မချဆုံးကတော့ မင်းရဲ့မိထွေးပဲကွ သူရှိတဲ့အချိန်မှာ မင်းမိထွေးက မျက်နှာမငယ်ရပေမယ့် သူမရှိတော့တဲ့အချိန်မှာ သူမ ဘယ်လိုမျက်နှာနဲ့နေရမလဲ" လို့ပြောတယ်။ သူ့အဖေစိတ်ကို သူနားလည်သဘောပေါက်တယ်လေ မိထွေးအပေါ်မှာ သူကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်ဆိုတာ သူသိသွားတယ်။

အဖေမဆုံးခင် မှာသွားတဲ့စကားတွေကြောင့် သူဟာ မိထွေးအပေါ် ကောင်းမွန်စွာ ဆက်ဆံလာတယ်။ မိထွေးအပေါ်လည်း သူဟာ သူ့ရဲ့ကြီးမားတဲ့ အမှားတစ်ခုအတွက် လိပ်ပြာမသန့်ဖြစ်ခဲ့တယ်လေ။ အိမ်ကိုပြန်ခဲလှပေမယ့် ၃ရက်ခြား ၅ရက်ခြားတော့ သူ့မိထွေးဆီ သူပိုက်ဆံပို့ပေးတယ်။ တစ်နှစ်ကိုလည်း ၃၊ ၄ကြိမ် ဖုန်းဆက် သတင်းမေးပါတယ်။ တကြိမ်မှာတော့ ကုမ္ပဏီကနေ ခရီးဝေးထွက်ဖို့ စီစဉ်လာပါတယ်။ အဲ့ဒီခရီးဝေးကိုသွားရမယ့် ရထားဘူတာဟာ သူ့အိမ်နဲ့မလှမ်းမကမ်းမှာရှိပါတယ်။

အဲ့ဒီလိုနဲ့ အိမ်နဲ့နီးလှတဲ့ ရထား ဘူတာကို ဆိုက်ရောက်ဖို့ ၅မိနစ်ပဲလိုပါတော့တယ်။ ဘူတာကို ရောက်ဖို့ ပိုနီးလာလေ သူ့ရဲ့စိတ်တွေပိုလှုပ်ရှားလေပါပဲ။ ခါတိုင်း သူအိမ်ပြန်နေကျ အချိန်တိုင်း အဖေဟာ မိထွေးနဲ့အတူတူ ဘူတာကို စောစီးစွာ ကြိုရောက်နေတတ်ပြီး သူ့ကို စောင့်နေလေ့ရှိပါတယ်။ အဖေ့ကိုတွေ့တာနဲ့ ၀မ်းသာအားရနဲ့ လက်ပြနှုတ်ဆက်နေကျပဲလေ။ မိထွေးကိုတော့ သူဂရုမပြုခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ဟာ ခါတိုင်းထက်တော့ မတူဘူး။ အဖေလည်းမရှိတော့ဘူး၊ မိထွေးလည်း သူ့ကို လာကြိုနိုင်မှာမဟုတ်လို့ပါပဲ။

သူ့ခေါင်းထဲကို ရုတ်တရက် အတွေးတွေဝင်လာတယ်။ " မိထွေးဆိုတာ အမှန်တော့ အမေပဲလေ။ ဒါပေမယ့် မိထွေးဆိုတာ အမေရင်းမရှိတဲ့ ကလေးတွေမှာသာ ရှိတတ်တာ........ " စသဖြင့် ခေါင်းထဲကို တစ်ခုပြီးတစ်ခုဝင်လာတာတွေပါ။ အဲ့ဒီအချိန်မှာ ရထားဟာ ဘူတာလေးဆီ ဆိုက်ကပ်လိုက်ပါတယ်။ သူဟာရထားပေါ်ကနေ ပြတင်းတံခါးကိုဖွင့်လိုက်ပြီး အပြင်ဘက်ကို ငေးမောကြည့်လိုက်တယ်။

အေးမြတဲ့ ဆောင်းတွင်းရဲ့ မနက်ပိုင်း ၄၊၅နာရီဝန်းကျင်မှာ ရထားစင်္ကြန်လမ်းပေါ်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးတစ်ယောက်ကလွဲလို့ ဘယ်သူမှမရှိဘူး။ ဒီလိုအေးမြတဲ့ ရာသီဥတု၊ ပြီးတော့ ရင်းနှီးတဲ့ဆွေမျိုးသားချင်းတစ်ယောက်မှ မတွေ့ရ၊ လူတွေရဲ့ ဆူညံလှုပ်ရှားမှုတွေလည်း မရှိတာတွေကြောင့် သူ့ကို ပိုပြီးတော့ အထီးကျန်ဆန်စေ၊ ၀မ်းနည်းစေပါတယ်။ သူ သက်ပြင်းရှည်ကြီး ချလိုက်တယ်။ ပြီးတော့ မြင်သမျှ အရာအားလုံးတွေကို အမြင်အာရုံထဲကနေ ပြန်ရုပ်သိမ်းဖို့ ကြိုးစားတယ်။

ရုတ်တရက် ရထားဘူတာရှေ့မှာ စားစရာတွေကို လက်တွန်းလှည်းနဲ့ ရောင်းနေတဲ့ အမျိုးသမီးကြီးတစ်ဦးကိုတွေ့တယ်။ လက်တစ်ဖက်က တွန်းလှည်းတွန်းရင်း တဖက်ကလည်း ရထားတွဲက တံခါးတွေလိုက်ခေါက်ပြီး အစားအစာတွေရောင်းပါတယ်။ အမျိုးသမီးကြီးရဲ့ ခေါင်းထက်မှာ ထူထဲလှတဲ့ သဘက်နဲ့ ခေါင်းပေါင်းထားပြီး သူမပုံစံ ကြည့်ရတာ အတော်လေး ဆင်းရဲနွမ်းပါးပြီး အားနည်း ချည့်နဲ့နေပုံရပါတယ်။ သူ့တွန်းတဲ့လှည်းရဲ့ လက်တစ်စုံဟာလည်း လက်အိတ်မ၀တ်ထားလို့ လက်တပြင်လုံး နီရဲနေတာကို သူတွေ့လိုက်ရတယ်လေ။

သူမဆီက အစားအစာတွေကို ၀ယ်ယူသူက အရမ်းနည်းတယ်လေ။ အဲ့ဒီလိုနဲ့ အမျိုးသမီးကြီးဟာ သူရှိနေတဲ့ ပြတင်းတံခါးနားဆီကို တဖြည်းဖြည်း ရောက်လာပြီး သူနဲ့ မျက်နှာချင်းဆိုင် ဆုံမိတဲ့ တခဏ အတွင်းမှာ သူ တော်တော်လေးမှင်သက် အံ့သြသွားတယ်။ သူမဟာ တကယ်တော့ သူ့မိထွေးဖြစ်နေတာပါပဲ။
သူမ ဘာ့ကြောင့် ဒီလိုပုံစံဖြစ်သွားရတာလဲ ? ဘယ်အချိန်ကတည်းက ဒီလို ဈေးရောင်းတဲ့ ဘ၀ ရောက်သွားခဲ့ရတာလဲ ?

တချိန်တည်းမှာပဲ မိထွေးကလည်း သူ့ကို ချက်ချင်းမှတ်မိသွားတယ်။ ပြီးတော့ စကားတစ်ခွန်းစပြောတော့တယ်။

"ငါ ဒီမှာ ဈေးရောင်းနေတာ ၄နှစ်ကျော်ပြီ နေ့တိုင်း ငါ့သားမျက်နှာကို မြင်ချင်လွန်းလို့ပါ။ ဒီနေ့တော့.........ဒီနေ့တော့ ငါတကယ်မြင်လိုက်ရပြီ"

သူဟာ သူ့မိထွေးရဲ့ စကားကို ပြန်ဖြေမလို့ ကြိုးစားနေတုန်းမှာ ရထားဟာ တဖြည်းဖြည်းနဲ့ စတင်ထွက်ခွါနေပြီလေ။ အဲ့ဒီအချိန်မှာ မိထွေးဟာ တခဏတာ ပျာယာခတ်သွားတယ်။ ပြီးတော့စကားဆက်မပြောတော့ဘဲ သူမရဲ့ ဈေးတွန်းလှည်းပေါ်က ရေဘူး၊ မုန့်ခြောက်တွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေကို ကမန်းကတန်း သူ့လက်ထဲ ထည့်ပေးတော့တယ် ပြီးတော့ တဖက်ကလည်း တွန်းလှည်းကို တွန်းပြီး ရထားနောက်ကို ပြေးလိုက်ပါလေရော။

ဒါပေမယ့် ရထားဟာ သူမနဲ့ တဖြည်းဖြည်း ဝေးပြီးရင်း ဝေးတဲ့ နေရာဆီကို ရောက်သွားပါပြီ။ နောက်ဆို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလေ။ နောက်ဆုံးမှာ သူဟာ ရထားပြတင်းပေါက်ကနေ ခေါင်းပြူထွက်ပြီး ရင်ထဲက လှိုက်လှိုက်လှဲလှဲ အသံအကျယ်ကြီး အော်ခေါ်လိုက်တာကတော့.......

"အမေ ... အမေရေ........" တဲ့။

မူရင်းရေးသားသူ........徐立新 (Xu Li Xing) - 母亲是静候的小站

ဝိုင်း ဘာသာပြန်ဆိုရေးသားသည်။

ဒီဘာသာပြန်လေးဖတ်ပြီး လောကကြီးမှာ ရှိတဲ့ သားသမီးတိုင်း မိဘမေတ္တာကို တန်ဖိုးထား လေးစားနိုင်ပြီး မိဘကျေးဇူးကို အတတ်နိုင်ဆုံးကျေပွန်အောင် ဆပ်နိုင်တဲ့ သားသမီးကောင်း ရတနာများ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း..........

အားလုံးကို ခင်မင်လေးစားလျက်


13 comments:

ကိုမျိုး said...

မင်္ဂလာပါ..

အမေဆိုတာ အေးမြတဲ့ ဘူတာလေးတစ်ခုပါတဲ့..

အမေ့ကို ပိုပြီး သတိရမိပါတယ် ဗျာ..

ဘာသာပြန်လေးတွေ ရေးလဲ အရမ်းဖတ်လို့ကောင်းပါ တယ်...

အမေ...အမေရေ လို့ အော်ခေါ်သံလေးကို ကြားယောင် လာမိတယ် ဗျာ...


ခင်မင်စွာဖြင့်
ကိုမျိုး

စိမ်း... said...

ရင်ထဲကို နင့်နင့်နဲနဲ ရောက်သွားတဲ့ ပို့စ်လေးတစ်ပုဒ်ပါပဲ... :)

ခရေညို said...

ဟုတ်တယ် ညီမလေး လူတိုင်း အမေ့ကို တန်ဖိုးထားရမယ် အမေ့ရဲ့ အရိပ်က အအေးမြဆုံးပဲ

တောင်ပေါ်သား said...

ဘာသာပြန်လေး လာခံစားပါတယ်။ မိဘဆိုတာကတော့ သားသမီးတွေအပေါ်မှာ အဖိုးမဖြတ်နိုင်အောင် မေတ္တာစေတနာတွေ ထားပါတယ်။ ဒီဘာသာပြန်လေးရဲ့ ဇာတ်သိမ်းလေးကို သဘောမကျဘူးဗျာ ဘာလို့ ပြန်မဆုံနိုင်လဲ မသိဘူး ( သားလဲ နောက်ဘူတာမှာဆင်းပြီး Taxi ငှါးပြီး ပြန်လာနိုင်ပါတယ် အဟီး )

စာရေးဆရာရဲ့ ရသမြောက်တဲ့ စာပေကို ခံစားမိပါတယ်။ ကျေးဇူးတင်ပါတယ်


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ဝမ်းနည်းစရာကြီး
ပေးတွေ့လိုက်တာမဟုတ်ဘူး
ဒီစာရေးဆရာတော့ ... :D
ခုတလော ဒီကလူတွေ အိမ်လွမ်းနေကြတယ်နော် ..

kiki said...

မိထွေးတိုင်းလဲ ဆိုးတာမဟုတ်ဖူးနော် .. အမေရင်းလိုကောင်းတဲ့  မိထွေးတွေလဲ ရှိပါသေးတယ် ။ မိဘမေတ္တာလေးကို ဘာသာပြန်ထားပေးတာ ဖတ်ရင်းနဲ့  ရင်ထဲ နင့်လာအောင် သရုပ်ဖေါ်နိုင်တဲ့  ဝိုင်း လေးကို ကျေးဇူးတင်ပါတယ် ။

ဇာတ် နာအောင် တမင် ခွဲပေးလိုက်တာ ထင်ပါ့ ။တကယ်တွေ့ ချင်ရင် ရှေ့ ဘူတာမှာ ဆင်းလို့ ရသားပဲဟာ နော် ။။း(

အနမ်း said...

တန်ဖိုးရှိတဲ့ပိုစ့်လေးပါပဲ။ နောင်တဆိုတာ တကယ်ကိုနောက်ကျမှ ရတတ်ကြတယ်လေ။ ဒါကြောင့် အရာရာကို သူများပြောရုံနဲ့ ရော၊ ကိုယ့်ထင်ကြေးနဲ့ ရော မဆုံးဖြတ်သင့်ဘူးဆိုတာကို သိသင့်တယ်နော်။
ကျေးဇူးပါဝိုင်း။ ပိုစ့်လေးကြောင့် ခံစားသွားရပါတယ်။ အဲဒီလိုနောင်တမရဖို့ လည်းကြိုးစားနေပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

မေသူ said...

ဝိုင်းရေ...... ဘာသာပြန်လေးလာဖတ်တယ်... ကောင်းလိုက်တာကွယ်...

ဝတ္ထု၊ ဇာတ်လမ်းတွေမှာ မိထွေး မကောင်းကြောင်းတွေ ငယ်ထဲက ရင်းနှီးလာကြတော့ မိထွေးဆိုတာ မုန်းစရာလို့ စိတ်ထဲစွဲနေကြတာပေါ့နော... ဒါမဲ့ လူတိုင်းတော့ ဘယ်တူနိုင်ပါ့မလဲလေ

ညီညီ said...

ဘာသာပြန်ထားတာ ကောင်းတယ်။ ရသလည်းမြောက်တယ်။ အားပေးသွားပါတယ်ဗျာ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

Welcome said...

ဘာသာပြန်ဆို ဘာအကြောင်းအရာ ဖြစ်ဖြစ် နှစ်သက်တယ်။ ပို့စ်အဟောင်းတွေကိုလည်း လှန်လျော လေ့လာသွားပါအုန်းမယ်။

ခင်မင်စွာနဲ့

Anonymous said...

ဘယ်အရာမဆို ပုံသေကားချ တွက်မရဘူးဆိုတဲ့ သင်ခန်းစာ ရပါတယ်။ အလွန်ကောင်းမွန်တဲ့ ပို့စ်လေးပါပဲဗျာ...။

တလနွန် said...

အမေဆိုတာ အေးမြတဲ့ဘူတာလေးတစ်ခုပါ ဆိုတဲ့ ခေါင်းစဉ်ကတည်းက အမေကိုလွမ်းနေပြီး :(
ဘာသာပြန်ရေးထားတာလေး အရမ်းကောင်းတယ်ဗျာ။ နောက်လည်း များများရေးနော်။ အဆုံးသတ်မှာ ပြန်မဆုံနိုင်တော့ဘူးဆိုတာလေးကိုတော့ မဖြစ်ချင်ပေမဲ့ ဇာတ်လမ်းရဲ့  အဓိပ္ပါယ်က နောင်တမရမိအောင် မိဘမေတ္တာကို နားလည်သိတတ်ပါဆိုတာ ဖြစ်မယ်နော်။ (ကိုယ့်ဟာကိုယ် ထင်မိတာလေးတွေပါ)


ခင်မင်ခြင်းများနှင့်
တလနွန်

shwezinu said...

story လေးတွေအတွက် ကျေးဇူးအထူးတင်ပါတယ် ၀ိုင်းရေ

 

Posted by . - ၂၀၀၉ ခုနှစ် မေလ ၁၄ရက်နေ့တွင် စတင်ရေးသားသည်